ယူနိုက်တက်ပွဲစဉ်မှ အနီကတ်အတွက် ၄ ပွဲအထိ တိုးမြှင့်ပွဲပယ်ခံလာရဖို့ ရှိနေတဲ့ စပါးစ်အသင်းခေါင်းဆောင်
===================
ခရစ္စတီယန်ရိုမီယိုဟာ စနေနေ့တုန်းက ယူနိုက်တက်အား ရှုံးနိမ့်တဲ့ပွဲစဉ်တွင် ကက်စ်မီရိုအား ဆိုးရွားတဲ့ ပြစ်ထုတ်မှု ပြုလုပ်မှုအတွက် အနီကတ်ပြထုတ်ပယ်ခြင်းခံရပြီးနောက် လေးပွဲပယ်အထိ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံလာရဖို့ ရှိနေပါတယ်။
အိုးထရက်ဖို့ဒ်ပွဲစဉ်ရဲ့ မိနစ် ၃၀ ခန့်တွင် ရိုမီယိုဟာ ကက်စ်မီရိုရဲ့ ခြေကျင်းဝတ်အား ဆိုးရွားစွာ ထိသွားတဲ့ ဖျက်ထုတ်မှု ပြုလုပ်ခဲ့ပြီး ဒိုင်လူကြီးက တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။
စပါးစ်ဟာ ရိုမီယိုအထုတ်ခံရမှုကြောင့် တစ်ယောက်အလျှော့ဖြင့် ကစားခဲ့ရပြီး ဘရိုင်ယန်အမ်ဘူမို၊ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၀ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ဟာ တူညီတဲ့ ရာသီတစ်ခုတည်းတွင် ဒုတိယမြောက် အနီကတ်ပြသခြင်းခံရပါက တစ်ပွဲတိုးမြှင့်ကာ ၄ ပွဲပယ်အထိ အရေးယူပါတယ်။
ရိုမီယိုဟာ ဆိုးရွားတဲ့ ဖျက်ထုတ်မှုအတွက် တိုက်ရိုက်အနီကတ်ပြသခြင်းခံရရာ ၃ ပွဲပယ်ခံလာရမှာ ဖြစ်ပြီး ဒုတိယမြောက် အနီကတ်အတွက် ၁ ပွဲတိုးမြှင့်ခံရမှုနှင့်အတူ ၄ ပွဲအထိ ပွဲပယ်ခံလာရဖို့ ရှိပါတယ်။
ဒါကြောင့်လည်း အာဂျင်တီးနားနောက်ခံလူဟာ နယူးကာဆယ်၊ အာဆင်နယ်နှင့် မြောက်လန်ဒန်ဒါဘီပွဲ၊ ဖူလ်ဟမ်နှင့် ခရစ္စတယ်ပဲလေ့စ်တို့နှင့်ပွဲများကို လွဲလာပါမယ်။
ရိုမီယိုဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် စပါးစ်သို့ ရောက်လာပြီးနောက် ပြိုင်ပွဲအရပ်ရပ်တွင် ၆ ကြိမ်မြောက် အနီကတ်ပြသခြင်းခံထားရပြီး ယင်းကာလအတွင်းတွင် အနီကတ်အပြခံရဆုံး ပရီးမီးယားလိဂ်ကစားသမားအဖြစ် စာရင်းဝင်နေပါတယ်။
သူဟာ ပရီးမီးယားလိဂ်တွင် အနီကတ် ၄ ကတ်ပြသခြင်းခံရကာ ပရီးမီးယားလိဂ်သမိုင်းတွင် ယူနက်စ်ကာဘူးလ်နှင့်အတူ စပါးစ်ရဲ့ အနီကတ်ပြသခံရဆုံး ကစားသမားအဖြစ်လည်း မလိုချင်တဲ့ မှတ်တမ်းဝင်နေပါတယ်။
သူဟာ ၄ ပွဲပယ်ခံလာရပါက စပါးစ်အတွက် တစ်လကြာ ကစားခွင့်ရလာမှာ မဟုတ်ဘဲ မတ်လ ၁၅ ရက်နေ့ လီဗာပူးနှင့်ပွဲတွင်မှ ပါဝင်ကစားနိုင်ပါမယ်။
သူဟာ ခရစ္စမတ်မတိုင်မီတုန်းက လီဗာပူးနှင့်ပွဲတွင်လည်း နှစ်ဝါတစ်နီဖြင့် အထုတ်ခံခဲ့ရဖူးပါတယ်။
ထိုစဉ်တုန်းက သူဟာ တစ်ပွဲပယ်ပြစ်ဒဏ်အပြင် ဒိုင်လူကြီးအား ဒေါသတကြီး စောဒကတက်မှုအတွက် ပေါင် ၅၀၀၀၀ ဒဏ်ရိုက်ခံခဲ့ရပါတယ်။
သူဟာ ယခုရာသီတွင် အဝါကတ် ၈ ကတ်ပြသခြင်းခံထားရကာ နောက်ထပ် အဝါကတ် ၂ ကတ်ထပ်မံ ပြသခံရပါက ၂ ပွဲခံရဦးမှာလည်း ဖြစ်ပါတယ်။
စပါးစ်ဟာ ဂျိမ်းစ်မက်ဒီဆင်၊ မိုဟာမက်ကူဒပ်စ်၊ ရီချာလီဆင်၊ ပီဒရိုပေါ်ရို၊ ကူလူဆပ်ဗ်စကီး၊ ဘန်တန်ကော်တို့ ဒဏ်ရာရရှိနေချိန်တွင် ရိုမီယို ပွဲပယ်ခံလာရမှုနှင့်အတူ ကြံ့ခိုင်မှုပြည့်ဝတဲ့ ဗဟိုခံစစ်သမား ၂ ဦးအဖြစ် ဗန်ဒီဗန်နှင့် ရာဒူးဒရာဂူဆင်တို့ကိုသာ အားကိုးလာရပါတော့မယ်။
တဖက်တွင် နည်းပြသောမတ်စ်ဖရန့်မှာလည်း တန်းဆင်းဇုန်နှင့် ၆ မှတ်အကွာသို့ ရောက်နေမှုနှင့်အတူ ဖိအားများအောက် ကျရောက်နေပါတယ်။

image