ယူနိုက်တက်အား ၄ ပွဲတည်းသာ ကိုင်တွယ်ပြီးချိန်တွင် အမိုရမ်ရဲ့ နောက်ထပ် စံချိန်တစ်ခုကို ရိုက်ချိုးလာတဲ့ မိုက်ကယ်ကာရစ်
=====================
မိုက်ကယ်ကာရစ်ဟာ ယူနိုက်တက်အား ၄ ပွဲတည်းသာ ကိုင်တွယ်ပြီးချိန်တွင် ယခင်နည်းပြရူဘင်အမိုရမ်ရဲ့ စံချိန်တစ်ခုအား ထပ်မံ ရိုက်ချိုးလာပြန်ပါတယ်။
ယူနိုက်တက်ဂန္ထဝင်ဟာ ဇန်နဝါရီလလယ်ပိုင်းတွင် ယူနိုက်တက်ယာယီနည်းပြအဖြစ် ဒုတိယအကြိမ်မြောက်ကိုင်တွယ်လာခဲ့တာ ဖြစ်ပါတယ်။
အသက် ၄၁ နှစ်ရှိ အမိုရမ်ဟာ ယူနိုက်တက်ကို ၁၄ လတည်းသာ ကိုင်တွယ်ရပြီးနောက် ဇန်နဝါရီလအစောပိုင်းတုန်းက ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
အသက် ၄၄ နှစ်ရှိ မိုက်ကယ်ကာရစ်ဟာ ရာသီအကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် ရလဒ်ကောင်းများဆက်တိုက်ရယူပေးထားနိုင်ပါတယ်။
သူဟာ ပထမဆုံး ၃ ပွဲတွင် မန်စီးတီး၊ အာဆင်နယ်၊ ဖူလ်ဟမ်တို့အား အနိုင်ရရှိခဲ့ပါတယ်။
ယင်းနောက် သူဟာ နောက်ဆုံးပွဲအဖြစ် စနေနေ့တုန်းကလည်း စပါးစ်အား ၂-၀ ဂိုးဖြင့် အနိုင်ရရှိ‌အောင် ဦးဆောင်နိုင်ခဲ့ပါတယ်။
သူဟာ စပါးစ်ကို အနိုင်ရတဲ့ပွဲတွင် ယခင်ပွဲစဉ်များမှ လူစာရင်းအတိုင်း မပြောင်းမလဲဘဲ ဆက်လက် အသုံးပြုခဲ့တာပါ။
သူဟာ အာဆင်နယ်နှင့် စပါးစ်တို့အား အနိုင်ရတဲ့ပွဲများတွင် နှစ်ပွဲဆက် ပွဲထွက်လူစာရင်းကို အပြောင်းအလဲ မလုပ်ဘဲ အသုံးပြုခဲ့ပါတယ်။
ယင်းနောက် သူဟာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ပက်ထရစ်ဒေါ်ဂူးနေရာတွင် မားသီးယပ်စ်ကန်ညာတစ်ဦးတည်းကိုသာ အပြောင်းအလဲ လုပ်ကာ ၂ ပွဲဆက် အသုံးပြုခဲ့ပါတယ်။
ဒါကြောင့်လည်း ကာရစ်ဟာ သူကိုင်တွယ်တဲ့ ၄ ပွဲတွင် ဒေါ်ဂူးနေရာမှာ ကန်ညာကို ပြောင်းလဲ အသုံးပြုတာကလွဲပြီး အပြောင်းအလဲ မလုပ်ထားပါဘူး။
တဖက်တွင် ယခင်နည်းပြရူဘင်အမိုရမ်ကတော့ ပရီးမီးယားလိဂ်ပွဲ ၄၇ ပွဲ ကိုင်တွယ်ရာမှာ တစ်ကြိမ်တည်းသာ ပွဲထွက်လူစာရင်း အပြောင်းအလဲ မလုပ်ဘဲ ၂ ပွဲဆက် အသုံးပြုခဲ့ဖူးပါတယ်။
သူဟာ ဘရိုက်တန်၊ နော်တင်ဟမ်ဖောရက်စ်တို့နှင့်ပွဲတွင် လူစာရင်း အပြောင်းအလဲ မလုပ်ဘဲ အသုံးပြုခဲ့တာပါ။
သူဟာ ဘရိုက်တန်အား ၄-၂ ဖြင့် အနိုင်ရတဲ့ပွဲစဉ်မှ လူစာရင်းအတိုင်း ဖောရက်စ်နှင့် ၂ ဂိုးစီသရေကျတဲ့ပွဲတွင် အသုံးပြုခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ကာရစ်ကတော့ ယူနိုက်တက်ယာယီနည်းပြဖြစ်လာပြီးနောက် သူ့ပွဲထွက်လူစာရင်းအပေါ် အပြည့်အဝ ယုံကြည်ကာ ဆက်တိုက် အသုံးပြုလာတာပါ။
သူဟာ ယူနိုက်တက်အား ၄ ပွဲကိုင်တွယ်ရာမှာ ဒဏ်ရာကြောင့် အနားယူရတဲ့ ဒေါ်ဂူးကလွဲပြီး ကျန်ကစားသမားများကို ဆက်တိုက် အသုံးပြုနေပါတယ်။
တဖက်တွင် ကာရစ်ဟာ ပွဲလူစာရင်းတွင်လည်း လူငယ်များဖြစ်ကြတဲ့ ဒါရင်းဖလက်ချာရဲ့သားတေလာနှင့် ရှီယာလေဆီတို့အား ထည့်သွင်းခဲ့ပါတယ်။

image