2 ပတ် - ဘာသာပြန်ပါ။

မော်ဒန်ခေတ်တွင် ကြီး ၆ ကြီးရဲ့ အဆိုးရွားဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်လာတဲ့ သောမတ်စ်ဖရန့်
====================
စပါးစ်နည်းပြသောမတ်စ်ဖရန့်ဟာ ပရီးမီးယားလိဂ်သမိုင်းတွင် ကြီး ၆ ကြီးအသင်းများတွင် ရလဒ်အဆိုးဆုံးနည်းပြအဖြစ် သမိုင်းမှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။
စပါးစ်နည်းပြသောမတ်စ်ဖရန့်ဟာ ပရီးမီးယားလိဂ်ပွဲ ၁၀ ပွဲနှင့်အထက် ကိုင်တွယ်ခွင့်ရတဲ့ ကြီး ၆ ကြီးအသင်းများရဲ နည်းပြသမိုင်းတွင် အမှတ်ရရှိတဲ့ ရာခိုင်နှုန်း၊ အနိုင်ရာခိုင်နှုန်းအနည်းဆုံးနည်းပြအဖြစ် မလိုချင်တဲ့ မှတ်တမ်း ပိုင်ဆိုင်သွားခဲ့တာလည်း ဖြစပါတယ်။
၁၀ ပွဲနှင့် အထက် ကိုင်တွယ်တဲ့ နည်းပြများကိုသာ ထည့်သွင်းစဉ်းစားတွက်ချက်တာ ဖြစ်လို့ အဘူဒါဘီလက်အောက်မရောက်မီ မန်စီးတီးခေတ်နှင့် စပါးစ်ရဲ့ ဟယ်ရီနက်နပ်မတိုင်ခင် ခေတ်ကို ထည့်မတွက်ထားပါဘူး။
ကြီး ၆ ကြီးအသင်းများဖြစ်ကြတဲ့ ချဲလ်ဆီး၊ အာဆင်နယ်၊ ယူနိုက်တက်၊ မန်စီးတီး၊ စပါးစ်၊ လီဗာပူးအသင်းများရဲ့ နည်းပြများရဲ့ စွမ်းဆောင်ရည်ကိုသာ တွက်ချက်ထားတာပါ။
သောမတ်စ်ဖရန့်ဟာ စပါးစ်အသင်းကို ယခုရာသီတွင် ၂၅ ပွဲ ကိုင်တွယ်ထားရာမှာ ၂၉ မှတ်တည်းသာ ရယူပေးထားနိုင်ပါတယ်။
ယင်းသို့ ရလဒ်ဆိုးရွားမှုနှင့်အတူ စပါးစ်ဟာ အမှတ်ပေးဇယားအောက်ပိုင်းသို့ တဖြည်းဖြည်းဆင်းလာရပြီး တန်းဆင်းဇုန်နှင့် ၆ မှတ်တည်းသာ ကွာဟပါတော့တယ်။
စပါးစ်ဟာ စနေနေ့ညတုန်းက ယူနိုက်တက်အား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်မှုနှင့်အတူ ၇ ပွဲဆက် နိုင်ပွဲပျောက်ထားပြီး နောက်ဆုံး ၁၀ ပွဲတွင် ၁ ပွဲ၊ နောက်ဆုံး ၁၆ ပွဲတွင် ၂ ပွဲတည်းသာ နိုင်ပွဲ ရထားပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက အန့်ပိုစတီကိုဂလူလက်ထက်တုန်းက အဆင့် ၁၇ နေရာအထိ ဆိုးဆိုးရွားရွား ရပ်တည်ခဲ့ပေမယ့် ဖရန့်လက်ထက်မှာ ပိုမို ဆိုးရွားလာမယ့် အခြေအနေ ရှိနေပါတယ်။
တဖက်တွင် ပိုစတီကိုဂလူမှာ စပါးစ်ကို ရောက်စဉ်က ပြောဆိုခဲ့တဲ့အတိုင်း ဒုတိယမြောက်ရာသီမှာ ဆုဖလား ရယူနိုင်တယ်ဆိုတဲ့အတိုင်း ယူရိုပါလိဂ်ဖလား ရယူပေးနိုင်ခဲ့ပါသေးတယ်။
ဩစတြေးလျနိုင်ငံသားနည်းပြဟာ စပါးစ်ကို ပထမဆုံးကိုင်တွယ်တဲ့ရာသီမှာ အဆင့် ၅ နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ဒုတိယရာသီမှာ အမှတ်ပေးဖလားပြိုင်ပွဲမှာ အခြေအနေမကောင်းဘဲ ဥရောပဖလားရယူပေးနိုင်ခဲ့တာပါ။
ဖရန့်ဟာ ကြီး ၆ ကြီးအသင်းများတွင် တစ်ပွဲပျမ်းမျှ ၁.၁၆ မှတ်သာ ရယူနိုင်ပြီး အဆိုးဆုံးနည်းပြအဖြစ် ရပ်တည်နေကာ ယူနိုက်တက်မှ ထုတ်ပယ်ခံရတဲ့ ရူဘင်အမိုရမ်က ၁.၂၃ မှတ်ဖြင့် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
၎င်းတို့ရဲ့နောက်တွင် ရွိုင်းဟော့ဆန်၊ ဂရေဟမ်ပေါ်တာ၊ အန့်ပိုစတီကိုဂလူ၊ မာ့ခ်ဟုချ်၊ နူနိုအက်စ်ပီရီတိုဆန်တို၊ ကန်နီဒဲလ်လစ်ရှ်၊ ဖရန့်လမ်းပတ်၊ ရေးဖ်ရန်းနစ်ခ်တို့လည်း ပါဝင်ခဲ့ပါတယ်။
ယူနိုက်တက်ကို အရေးနိမ့်ခဲ့တဲ့ စပါးစ်ဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲ ၅ ပွဲတွင် နယူးကာဆယ်၊ အာဆင်နယ်၊ ဖူလ်ဟမ်၊ ခရစ္စတယ်ပဲလေ့စ်၊ လီဗာပူးတို့နှင့် ပွဲကြပ်ကစားလာရပါဦးမယ်။

image