"အပြစ်မဲ့ပြည်သူတွေကို သတ်တဲ့သူတွေ အားလုံးကို ရှုတ်ချတယ်" ဂွါဒီယိုလာ
====================
ပက်ဂွါဒီယိုလာဟာ ကမ္ဘာအနှံ့အပြား ပဋိပက္ခများနှင့်ပတ်သက်ပြီး သူ့ခံစားချက်ကို ထိန်းသိမ်းလာမှာ မဟုတ်ကြောင်း ပြောဆိုလာပါတယ်။
အင်္ဂါနေ့တုန်းက စပိန်လူမျိုးနည်းပြက ဘောလုံးပွဲ သတင်းစာရှင်းလင်းပွဲများကို အသုံးချကာ တစ်ကမ္ဘာလုံးတွင် ဖြစ်ပျက်နေတဲ့ နိုင်ငံရေး ပဋိပက္ခများကြောင့် နစ်နာရတဲ့ အပြစ်မဲ့ပြည်သူများအတွက် ရှေ့တန်းမှ ပြောဆိုလာမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
ဂွါဒီယိုလာဟာ ယင်းသို့ ပြောဆိုလာမှုအတွက် ချီးကျူးမှုများ ခံရသလို ဝေဖန်ခြင်းလည်း ခံခဲ့ရပါတယ်။ အထူးသဖြင့် မန်ချက်စတာဂျူးအသိုင်းအဝိုင်းက ဂွါဒီယိုလာအနေဖြင့် ဘောလုံးကိုသာ အာရုံစိုက်သင့်ပြီး နောက်နောင် ပဋိပက္ခများနှင့်ပတ်သက်ပြီး မပြောဆိုရန် တိုက်တွန်းခဲ့ပါတယ်။
ဒါပေမယ့် အသက် ၅၅ နှစ်ရှိ ဂွါဒီယိုလာက "ကျုပ် ဘယ်လို ခံစားရတယ်ဆိုတာ ဘာလို မဖွင့်လှစ်ပြရမှာလဲ။ မန်နေဂျာတစ်ဦး ဖြစ်နေလို့လား။ သဘောမတူပါဘူး။ ဒါပေမယ့် အမြင်အားလုံးကို လေးစားပါတယ်။ တစ်ကမ္ဘာလုံး ဖြစ်ပျက်နေတဲ့ ပဋိပက္ခကို ဘယ်လောက်များလဲ။ ဘယ်နှစ်ခုရှိလဲ။ အဲဒါအားလုံးကို ရှုတ်ချတယ်။ အပြစ်မဲ့ပြည်သူတွေကို သတ်တဲ့သူတွေ အားလုံးကို ရှုတ်ချတယ်။ ဘယ်ဟာက ဘယ်ဟာထက် အရေးပါတယ်ဆိုတာ မရွေးပါဘူး။ ဒီနိုင်ငံက ဒီနိုင်ငံထက် အရေးပါတယ်လို့ မရွေးပါဘူး။ ကျုပ်ပြောချင်တာကို နားမလည်ဘူးဆိုရင်လည်း အဆင်ပြေပါတယ်"လို့ ပြောကြားသွားပါတယ်။
ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့အပတ်တုန်းက ကတ်တလန်တွင် ပြုလုပ်တဲ့ ပါလက်စတာကလေးသူငယ်များအား ကူညီထောက်ပံ့ပေးရေး ရန်ပုံငွေပွဲသို့ တက်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ ယင်းပွဲသို့ တက်ရောက်ကာ မိန့်ခွန်းပြောခဲ့ပြီးနောက် နိုင်ငံ့တကာပဋိပက္ခများနှင့်ပတ်သက်ပြီး လူထုအသံကို ရှေ့တန်းမှ ပြောဆိုရန် ဆုံးဖြတ်ချခဲ့တာလည်း ဖြစ်ပါတယ်။