1 ရက် - ဘာသာပြန်ပါ။

ရန်ကုန်မြို့၏အထင်ကရအမှတ်အသား(Landmark) အဖြစ်ဆောက်လုပ်ခဲ့သော မြန်မာ-ကိုရီးယားချစ်ကြည် ရေး(ဒလ)တံတားစတင်ဖွင့်လှစ်

ရန်ကုန်မြို့၏အထင်ကရအမှတ်အသား(Landmark) အဖြစ်ဆောက်လုပ်ခဲ့သော မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတားကို ယနေ့ ဖေဖော်ဝါရီ ၆ ရက်နံနက်ပိုင်းကဖွင့်လှစ်ရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည်။

နိုင်ငံတော်ယာယီသမ္မတမှ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား ကမ္ပည်းမော်ကွန်းကိုစက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီး ချုပ်ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းတို့မှလည်း ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

အရှည် (၆,၁၂၇) ပေရှိ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားအား အခြားတံတားဒီဇိုင်းများနှင့်မတူဘဲ ရန်ကုန်မြို့၏အထင်ကရအမှတ်အသား (Landmark) အဖြစ် ၂၀၁၂ ခုနှစ်တွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှုများစတင်ဆောင်ရွက်ခဲ့သည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။

ထို့ပြင် ကိုရီးယားနိုင်ငံ (Economic Development Cooperation Fund-EDCF ) ချေးငွေမှ အမေရိကန်ဒေါ်လာ (၁၅၇ ဒသမ ၈၃၃) သန်းနှင့် နိုင်ငံတော်အစိုးရမှထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ (၃၀ ဒသမ ၃၄၁) သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၈၈ ဒသမ ၁၇၄) သန်းဖြင့် ၂၀၁၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး တံတားကြီးအပြီးသတ်ဆောင်ရွက်နိုင်ရန် မြန်မာကျပ်ငွေ (၂၃ ဒသမ ၀၆၂) ဘီလီယံကိုလည်း နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ထပ်မံဖြည့်စွက်ပြီးပံ့ပိုးဆောင်ရွက်ပေးခဲ့သည်ဟုလည်း နိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတမှ တံတားတည် ဆောက်ရေးတွင်ပါဝင်ခဲ့သည့် တည်ဆောက်ရေးအင် ဂျင်နီယာအဖွဲ့များအား အထိမ်းအမှတ်ဂုဏ်ပြုလက် ဆောင်ပစ္စည်းများပေးအပ်ပြီး မြန်မာ-ကိုရီးယား ချစ် ကြည်ရေး(ဒလ)တံတားပေါ်၌ဖြတ်သန်းကြည့်ရှုကာ ဒလမြို့တွင်းကိုလည်း လှည့်လည်ကြည့်ရှုခဲ့သည်။

အဆိုပါ မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတားပုံစံထုတ်လုပ်ရာတွင်အသုံးပြုသည့် စံချိန်စံညွှန်းများ သည်မြန်မာနိုင်ငံ၏ လမ်းများနှင့် ယာဉ်သွားလာမှုများ၊ ဘူမိဗေဒနှင့် မြေခံနိုင်ရည်စွမ်းအား၊ လူမှုရေး၊ စီးပွား ရေးတို့နှင့် သဟဇာတဖြစ်စေရန် ပေါင်းစပ်ရွေးချယ်ထုတ်လုပ်ခဲ့ခြင်းဖြစ်ကာ ပင်မတံတား၏ လျှောစောက် (Gradient) မှာ (၅ ဒသမ ၉၅) ရာခိုင်နှုန်းရှိပြီး အရှည် (၆,၁၂၇) ပေ၊ တံတားအကျယ် စုစုပေါင်း(၇၉)ပေရှိပြီး (၁၁ ပေ ၆ လက်မ)အကျယ်ယာဉ်သွားလမ်း (၄) လမ်းနှင့် (၆ ပေ ၆ လက်မ) အကျယ် လူသွားလမ်း (၂) ဘက်ပါရှိပြီး တံတားခွင့်ပြုတန်ချိန်မှာ ယာဉ်တစ်စီးချင်းအလိုက် (၇၅) တန်ဖြစ်ပြီး တံတားဘေးတစ်ဘက်စီတွင် ရန်ကုန်မြို့မှ ဒလမြို့သို့ သောက်သုံးရေပေးဝေနိုင်ရေး (၁ ပေ ၆ လက်မ) အချင်းရှိ ရေပိုက်များကိုတပ်ဆင်ထားသည်။

ယခုအချိန်တွင် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားတည်ဆောက်ပြီးစီးပြီဖြစ်၍ ရန်ကုန်တိုင်း၊ ရန်ကုန်မြို့မှနေ၍ ဒလ၊ တွံတေး၊ ကော့မူး၊ ကွမ်းခြံကုန်မြို့များနှင့် ဧရာဝတီတိုင်းရှိမြို့များကိုလွယ်ကူလျင်မြန်စွာသွားလာနိုင်မည်ဖြစ်ပြီး ဒလမြို့သည်လည်း ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းကိုဆက်သွယ်ထားသည့် ဝင်ပေါက်မြို့တစ်မြို့ဖြစ်လာပြီး ဘက်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်မြို့များလည်း မြို့ပြအသွင်ဆောင်ပြီး တစ်ပြိုင် တည်းဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ဒေသတွင်းရှိ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်သည်။

image