မိုင်းပေါက်မှာ “ဝ” တပ်ဖွဲ့က အမျိုးသား သုံးယောက်ကို သေဒဏ် ချမှတ်
UWSA တပ်ဖွဲ့ ထိန်းချုပ်တဲ့ “ဝ” ဒေသ မိုင်းပေါက်မြို့မှာ ဒီမနက်ပိုင်းက အမျိုးသား သုံးယောက်ကို “ဝ” တပ်ဖွဲ့က သေဒဏ် ပေးလိုက်တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
လူသတ်မှု ကျူးလွန်တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ အမျိုးသား သုံးယောက်ကို လူမြင်ကွင်းထဲ ခေါ်လာပြီး “ဝ” တပ်ဖွဲ့ တရားစီရင်ရေးအဖွဲ့က သေဒဏ် ချလိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
“လူငယ်လေးတွေပဲ ကားနဲ့ တင်ခေါ်လာပြီး ဈေးအနောက်က ကွင်းထဲမှာ လူသတ်လို့ဆိုပြီး သေဒဏ် အမိန့် ချလိုက်တာ” လို့ မိုင်းပေါက် မြို့ခံ တယောက်က ပြောပါတယ်။
အမိန့်ချပြီး နောက်မှာ သူတို့ကို တစ်နေရာကို ခေါ်ထုတ်သွားပြီး သေနတ်နဲ့ စီရင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပစ္စည်းခိုးပြီး လူသတ်လို့ဆိုပြီး သေဒဏ် ပေးလိုက်တာ၊ ဒီမှာက အဲဒီလိုပဲ လုပ်နေကြပဲ” လို့လည်း ဒေသခံ နောက်တယောက်က ပြောပါတယ်။
အခုလို သေဒဏ် ချမှတ်တာနဲ့ ပတ်သက်လို့ “ဝ” တပ်ဖွဲ့ဘက်က သတင်း ထုတ်ပြန်တာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းကလည်း ဟိုပန်မြို့ထဲမှာ လူသတ်မှု ကျူးလွန်တဲ့ အမျိုးသား တစ်ယောက်ကို “ဝ” တပ်ဖွဲ့က သေဒဏ် ပေးခဲ့ပါတယ်။
“ဝ” ဒေသနဲ့ ကိုးကန့် ဒေသတွေမှာ လူသတ်မှု၊ ဓားပြမှု၊ ပြန်ပေးဆွဲမှု၊ မုဒိန်းမှု ကျူးလွန်တဲ့သူတွေကို ပြစ်ဒဏ် အမျိုးအစားအလိုက် သေဒဏ်ကနေ နှစ်ရှည် ထောင်ဒဏ်တွေ ချလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။