ယူနိုက်တက်အမြဲတမ်းနည်းပြရာထူးအား ရယူရန် ဆန္ဒရှိကြောင်း ကာရစ် အရိပ်အမြွက်ပြောကြားလာ
====================
မိုက်ကယ်ကာရစ်က ယခုရာသီအကုန်အလွန်တွင် ယူနိုက်တက်နည်းပြအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ရန် ဆန္ဒပြင်းပြနေကြောင်း ပထမဆုံးအကြိမ်အဖြစ် အရိပ်အမြွက်ပြောကြားလာပါတယ်။

ကာရစ်ဟာ ဇန်နဝါရီလ ၁၃ ရက်နေ့တုန်းက အမိုရမ်နေရာတွင် ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် ယူနိုက်တက်ကို ကာလရှည်ကြာ ကိုင်တွယ်ရေးနှင့်ပတ်သက်ပြီး ပြောဆိုရန် ရှောင်ရှားလာခဲ့သူလည်း ဖြစ်ပါတယ်။

ကာရစ်ဟာ ယခင်နည်းပြအမိုရမ်ကဲ့သို့မဟုတ်ဘဲ သတင်းခေါင်းစည်းပိုင်း (သို့မဟုတ်) လူစိတ်ဝင်စားတဲ့အချက်များအား ပြောဆိုလိုခြင်း မရှိသူလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ နွေရာသီအစီအစဉ်နှင့် သူ ဘယ်လို ပါဝင်ပတ်သက်နေလဲဆိုတာနှင့်ပတ်သက်ပြီး မေးမြန်းလာချိန်တွင် ကာရစ်က "အရိုးသားဆုံး ပြောရရင် ဘာမှ မပြောင်းလဲပါဘူး။ အခု လုပ်နေတဲ့ အလုပ်အပေါ်မှာ အပြည့်အဝ အာရုံစိုက်ပါတယ်။ ဒီအပေါ်မှာပဲ အပြည့်အဝတာဝန်ယူနေပါတယ်။ အောင်မြင်ချင်တယ်။ ရာသီအလွန်ကာလမှာလည်း ကျွန်တော် ကိုင်တွယ်ရင်ပဲ ဖြစ်ဖြစ် မကိုင်တွယ်ရင်ပဲ ဖြစ်ဖြစ် ကလပ်ကို အောင်မြင်စေချင်တယ်။ အခုအချိန်မှာ ဒါကို ကျွန်တော် ထိန်းချုပ် မထားနိုင်ပါဘူး။ ပြီးတော့မှ ဘာဖြစ်လာမလဲ ကြည့်ရမယ်။ ဒါပေမယ့် အသင်းကို ပိုကောင်အောင်လုပ်ရမယ်၊ ယူနိုက်တက်ကို ပိုသန်မာအောင် လုပ်ရမယ်။ ကာလတိုရလဒ်ကလည်း ဒါကို ပြောင်းလဲမှာ မဟုတ်ပါဘူး။ တခုခု မှားယွင်းနေလို့ အပြောင်းအလဲ လုပ်ရမယ်ဆိုရင်တောင် တကယ့်ကောင်းတာလား ဒါမှမဟုတ် ဖြေရှင်းရမယ့်ပြဿနာအချို့ဆိုရင်တောင် ဒူးတုန်နေစရာ မလိုပါဘူး"လို့ ပြောကြားသွားပါတယ်။

မိုက်ကယ်ကာရစ်ဟာ ဒါရင်းဖလက်ချာထံမှ ယူနိုက်တက်ယာယီနည်းပြရာထူးအား လွဲပြောင်းရယူပြီးနောက် မန်စီးတီး၊ အာဆင်နယ်နှင့် ဖူလ်ဟမ်တို့အား ၃ ပွဲဆက် နိုင်ပွဲ ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

မိုက်ကယ်ကာရစ်ဟာ ယနေ့ညတွင် အိုးထရက်ဖို့ဒ်ကွင်းမှာ စပါးစ်နှင့်ကစားရမယ့်ပွဲတွင် ၄ ပွဲဆက် နိုင်ပွဲ ရရှိရေး ကြိုးပမ်းလာရပါမယ်။

image