မန်စယ်ရွာသား ကိုးယောက် အမြန်ဆုံး ပြန်လွှတ်ဖို့ ရှမ်းအဖွဲ့အစည်း ၁၁ ဖွဲ့ တောင်းဆို
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် မန်စယ်ရွာအတွင်းမှာ ကိုးကန့် လက်နက် ကိုင်တပ်ဖွဲ့ MNDAA က ဖမ်းဆီးသွားတဲ့ ကျေးရွာသား ကိုးယောက်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ရှမ်းအဖွဲ့အစည်း ၁၁ ဖွဲ့က ဒီနေ့မှာ စာထုတ် တောင်း ဆိုလိုက်ပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ ရွာသား ကိုးယောက်ဟာ MNDAA တပ်ဖွဲ့ရဲ့ ဖမ်းဆီးရိုက်နှက် ခံထားရပြီး အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ရှမ်းအဖွဲ့အစည်းတွေရဲ့ စုပေါင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မန်စယ်ရွာအနီးမှာ MNDAA တပ်ဖွဲ့က ရွှေတူးဖော်ဖို့ လုပ်နေတာကို လက်မ ခံဘဲ ကန့်ကွက်ခဲ့တာကြောင့် ကျေးရွာသား ၃၆ ယောက်ကို MNDAA ကဖမ်း ဆီး သွားခဲ့ပြီး အဲဒီထဲက ကိုးယောက်ကို ဆက်လက် ဖမ်းဆီးထားတာ ဖြစ်ပါ တယ်။
“အခုဆို ခြောက်ရက်ရှိပြီ။ သူတို့ ပြန်မလွှတ်သေးဘူး။ ရိုက်နှက် စစ်မေး နေ တယ်လို့ သိရတယ်။ ပြန်လွှတ်ပေးဖို့ ပြောတာလည်း မလွှတ်သေးဘူး” လို့ ရှမ်းလူငယ်အဖွဲ့ဝင် တယောက်က ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ မန်စယ်ရွာက စိုင်းပန်စိန်၊ စိုင်းဆမ်၊ စိုင်းလူ၊ စိုင်းညွှန့်၊ စိုင်းသန်း၊ စိုင်းစံမြ၊ စိုင်းပွင့်၊ စိုင်းမောင်ယောင်၊ စိုင်းထွန်းကျော် တို့ဖြစ်ပြီး သူတို့ ကို သိန္နီမြို့မှာ ဖမ်းဆီးထားတာ ဖြစ်ပါတယ်။
အခုလို ဖမ်းဆီးထားတာဟာ ရှမ်းပြည်အတွင်း တိုင်းရင်းသားအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို ထိခိုက်စေတယ်လို့ ရှမ်းအဖွဲ့ အစည်းတွေက ဆိုပါတယ်။
ဒါကြောင့် ဖမ်းဆီးထားသူတွေကို ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုတယ်လို့ ရှမ်းအဖွဲ့အစည်း ၁၁ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
MNDAA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ဘေးဒဏ်သင့်ခဲ့ရတဲ့ ပြည် သူတွေ ဘေးကင်းစွာ နေထိုင်နိုင်ရေးကို အလေးအနက်ထားဖို့၊ ဒေသခံတွေရဲ့ သဘောထားကို ကျော်လွန်ပြီး မြေယာသိမ်းတာ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်စေတဲ့ ရွှေတူးဖော်မှုတွေကို ရပ်တန့်ဖို့ ရှမ်းအဖွဲ့အစည်းတွေက တိုက်တွန်း တောင်းဆိုထားပါတယ်။
ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ SSPP အနေနဲ့ ဒေသခံပြည်သူတွေကို ကာကွယ်ပေးပြီး လက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်း ထိန်းကြောင်းပေးဖို့ကိုလည်း ရှမ်းအရပ်ဖက် အဖွဲ့အစည်း ၁၁ ဖွဲ့က စုပေါင်း တိုက်တွန်း ထား ပါတယ်။
ပြီခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း သိန္နီမြို့နယ် ပန်ဖတ်ရွာ အနီးမှာ တစ်သျှူ ငှက်ပျောစိုက်ပျိုးရေးအတွက် မြေလာရှင်းတဲ့ MNDAA တပ်ဖွဲ့တွေနဲ့ ဒေသခံ ရွာသားတွေကြား မြေယာအငြင်းပွားမှုတွေ ဖြစ်ခဲ့ပါတယ်။