ရွှေအသင်းဥက္ကဋ္ဌ ဖမ်းဆီးခံရပြီးနောက် ရွှေအရောင်းဝယ်ရပ်လုနီးပါးဖြစ်

ရန်ကုန်တိုင်း ရွှေအသင်းဥက္ကဋ္ဌ အပါအဝင် ရွှေလုပ်ငန်းရှင် သုံးယောက် ဖမ်းဆီးခံရပြီးနောက် ရွှေအပိုင်းအရောင်းဝယ်အားလုံး ရက်အကန့်သတ်မရှိ ပိတ်ထားတယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။
“အရောင်းဝယ်တွေ အားလုံးကတော့ ရပ်ထားကြတယ်။ ဘာဆက်ဖြစ်မလဲဆိုတာ အားလုံးက စောင့်ကြည့်နေကြတဲ့ သဘောပေါ့။ သိန်း ၁၀၀ အောက်ကျမှ ဈေးပြန်ဖွင့်လာနိုင်တယ်။ ရွှေလုပ်ငန်းတွေ တချို့ကတော့ ရွှေဈေး သိန်း ၁၀၀ ဖြစ်သွားကတည်းက ရှောင်နေကြတာ။ တချို့ ခေါ်ယူစစ်ဆေးခံနေရတယ် ကြားပေမယ့်လည်း YGEA က လူတွေလို့တော့ မကြားမိဘူး။ အခု အဖမ်းခံရမှသာ သိတာ” လို့ ရွှေကုန်သည် တယောက်က ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အဖိုးတန် သတ္တု (ရွှေ) ရောင်းဝယ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်) နဲ့ အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်) တို့ကို ပြည်တွင်းရွှေဈေးကွက် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်မှုနဲ့ ဖမ်းဆီး အရေးယူထားတယ်လို့ အစိုးရ တာဝန်ရှိသူတွေက မနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန် ကြေညာထားတာ ဖြစ်ပါတယ်။
အဲဒီ ရွှေဆိုင်ပိုင်ရှင် သုံးယောက်ဟာ ရွှေဈေးနှုန်း တည်ငြိမ်စေရေး အတွက် ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်သွားဖို့ တာဝန်ရှိသူတွေဖြစ်ပေမယ့် သူတို့ကိုယ်တိုင်က ရွှေဈေးကွက် မတည်မငြိမ်ဖြစ်စေဖို့ ရည်ရွယ်ပြီး ပြင်ပ ရွှေပေါက် ဈေးနှုန်းနဲ့ ရွှေတုံး၊ ရွှေခဲတွေကို ဝယ်ယူ/သိုလှောင်တာ၊ အရောင်းအဝယ် ပြုလုပ်တာတွေ ဆောင်ရွက်ခဲ့တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဦးမျိုးမြင့်အနေနဲ့ အခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အလေးချိန် စုစုပေါင်း ၇၀ ကျပ်သားရှိ အခေါက်ရွှေတုံး ရှစ်တုံးကို ပြင်ပပေါက်ဈေးနဲ့ ဝယ်ယူခဲ့ပြီး အမြတ်တင် ပြန်လည်ရောင်းချဖို့ သိုလှောင် ထားရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလိုပဲ ဦးမျိုးသူဝင်းအနေနဲ့လည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနဲ့ အခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၉၇၀ ကျပ်သားကို ပြင်ပပေါက်ဈေးနဲ့ ဝယ်ယူပြီး ၎င်းရဲ့ ရွှေဆိုင်တွေမှာ ရွှေ ၉၅၀ ကျပ်သားကို အမြတ်ရယူကာ ဈေးနှုန်းမြှင့်တင် ပြန်လည် ရောင်းချခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဦးနေမျိုးထက်အနေနဲ့လည်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၃၁၉ ကျပ်သားကို ပြင်ပပေါက်ဈေးနှုန်းနဲ့ ဝယ်ယူပြီး ရွှေ ၂၆၈ ကျပ်သားကို အမြတ်ရယူကာ ၎င်းရဲ့ ရွှေဆိုင်တွေမှာ ဈေးနှုန်းမြှင့်တင် ပြန်လည် ရောင်းချခဲ့တာကို စိစစ် တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အမိန့်ကြော်ငြာစာပါ တားမြစ်ချက်တွေကို ဖောက်ဖျက် ကျူးလွန်ရာ ရောက်တဲ့အတွက် ၎င်းတို့ကို တည်ဆဲ ဥပဒေတွေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရွှေလုပ်ငန်းရှင်တွေအနေနဲ့ ပြည်တွင်းရွှေဈေးကွက် တည်ငြိမ်စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းဆောင် ရွက်သွားကြဖို့၊ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်တွေကို တိကျစွာ လိုက်နာ ဆောင်ရွက်သွားကြဖို့ လိုအပ်ပြီး လိုက်နာ ဆောင်ရွက်ခြင်းမရှိတဲ့ ရွှေလုပ်ငန်းရှင်တွေကို ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ အသိပေး ဖော်ပြထားပါတယ်။
အခုလို အရေးယူမှုတွေနဲ့ ပတ်သက်လို့ ရွှေဈေးကွက် လေ့လာစောင့်ကြည့်သူ တယောက်က “ရွှေဈေးကျအောင် လုပ်ငန်းရှင်တွေကို ဖမ်းတာက လွဲတာတော့ အကြီးကြီးလွဲချက်ပဲ။ အဲဒီလို အကြံပေးတဲ့ ပညာရှင်မျိုးနဲ့သာ ဆက်သွားရင် ရွှေဈေးကွက်က ပိုတောင် ဆက်ပြီး ကမောက်ကမ ဖြစ်နေဦးမယ်” လို့ ပြောပါတယ်။
ဒါအပြင် စီးပွားရေး ပညာရှင်တယောက်ကလည်း လက်ရှိ မြန်မာ့ရွှေစျေး မြင့်တက်နေတာဟာ ကမ္ဘာ့ရွှေစျေး မြင့်တက်နေတာကြောင့် ဖြစ်တဲ့အတွက် ကမ္ဘာ့ရွှေစျေးကို ရွှေလုပ်ငန်းရှင်အသင်းက ထိန်းချုပ်လို့ မရနိုင်ဘူးလို့ ဆိုပါတယ်။
ဒါကြောင့် မြန်မာ့ရွှေစျေး ကျစေချင်တယ်ဆိုပါက အဓိကအနေနဲ့ နိုင်ငံတော်က မြန်မာကျပ်ငွေ တန်ဖိုး ခိုင်မာအောင် ငွေကြေး ဖောင်းပွမှုကို ထိန်းချုပ်ရမှာဖြစ်ပြီး ဒါကို မထိန်းချုပ်နိုင်ဘဲ အခုလို ဖမ်းဆီး အရေးယူမှုတွေ လုပ်ဆောင်နေသရွေ့ မြန်မာ့ရွှေစျေးကွက် လုံးဝ ပျက်စီးသွားနိုင်တယ်လို့ သူက ပြောပါတယ်။
“ဆိုရှယ်လစ်ပါတီ ခေတ်ကတောင် မြန်မာငွေ ၆ ကျပ်ကို တဒေါ်လာပဲရှိတယ်။ အစိုးရ သတ်မှတ်စျေးက ၃ ကျပ်ပဲရှိတယ်။ ရွှေစျေး အတတ်အကျသည် ကမ္ဘာစျေးကွက်နဲ့ပဲဆိုင်တယ်။ ငွေစျေးသာ ထိန်းချုပ်လို့ ရကောင်းရမယ်။ ရွှေစျေးကတော့ ဘယ်နိုင်ငံမှ ထိန်းချုပ်မရနိုင်ဘူး” လို့ သူက ပြောပါတယ်။
ဒါအပြင် လက်ရှိမှာ အစိုးရက ရွှေဆိုင်တွေ၊ ပုဂ္ဂလိက ဆေးရုံတွေ အပါအဝင် တခြားသော ပုဂ္ဂလိက လုပ်ငန်းတွေ အားလုံးကို အခွန် သိန်း သောင်းနဲ့ချီ ဆောင်ခိုင်းတာတွေ ရှိနေတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
“ဆေးရုံတွေဆိုရင် အခွန် သိန်း နှစ်သောင်း ဆောင်ခိုင်းတယ်။ ပုဂ္ဂလိက လုပ်ငန်းတွေအကုန်လုံးပါတယ်။ အနည်းဆုံး သိန်း တသောင်းကနေ စပြီး လေးသောင်း၊ ငါးသောင်း၊ ခြောက်သောင်း ဝန်းကျင်အထိ အခွန်ဆောင်ခိုင်းတယ်” လို့ စီးပွားရေး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ရွှေဆိုင်တွေဆိုပါကလည်း တချို့သော ဆိုင်တွေက သက်တမ်းနုတဲ့ ဆိုင်တွေ ဖြစ်ပေမယ့် သက်တမ်းရင့် ဆိုင်ကြီးတွေနဲ့ တပြေးညီ အခွန်ဆောင်ခိုင်းတာတွေ ရှိနေတဲ့အတွက် မျှတမှုမရှိ ဖြစ်နေပြီး လုပ်ငန်းရှင်တွေအနေနဲ့ အခက်တွေ့နေရတယ်လို့ သိရပါတယ်။

image