နိုင်ငံတော် ယာယီသမ္မတအား ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့အပ်နှင်း
နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ကို ယနေ့ ဖေဖော်ဝါရီ ၅ ရက်နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင် ခန်းမတွင် အထူးဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ၍ အပ်နှင်းခဲ့သည်။
နိုင်ငံတော်ယာယီသမ္မတမှ ဘွဲ့နှင်းသဘင်ခန်းမစင်မြင့်ထက်၌နေရာယူပြီး နိုင်ငံတော်အလံအားအလေးပြုကြပြီးနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်က နိုင်ငံတော်ယာယီသမ္မတ၏ စွမ်းဆောင်ရည်များကို ဖတ်ကြားတင်ပြခဲ့သည်။
" နိုင်ငံတော်အကြီးအကဲအား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို အပ်နှင်းရခြင်းမှာ မိမိတို့နိုင်ငံ၏ နိုင်ငံရေးအပြောင်း အလဲဖြစ်စဉ်တွင် ကြုံတွေ့ခဲ့ရသည့်စိန်ခေါ်မှုအခက်အ ခဲများကို ဦးဆောင်ဦးရွက်ပြုပြီး စနစ်တကျစီမံခန့်ခွဲ ဖြေရှင်းနိုင်ခဲ့သော စွမ်းဆောင်ချက်များကြောင့်ဖြစ် သည်"ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်က ဖတ်ကြားတင်ပြခဲ့သည်။
ထို့ပြင် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် စွမ်းစွမ်း တမံကြိုးပမ်းဆောင်ရွက်ခဲ့သည့် ထူးကဲသောဂုဏ်ဒြပ်များကိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်ယာယီသမ္မတအား ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပြည်သူ့ရေး ရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A honoris causa)ချီးမြှင့်အပ် နှင်းခွင့်ရခြင်းသည် ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တက္ကသိုလ်တို့အတွက် ဂုဏ်ယူဝမ်းမြောက်ပီတိဖြစ်ရသည်ဟုလည်း ဖတ်ကြားတင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ရုရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် Altai State Pedagogical University တို့မှတက်ရောက်လာကြသည့် ပညာရှင်ကြီးများကဂုဏ်ပြုစကားများ အသီးသီးပြောကြားခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ကဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါ ရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa)အား အပ်နှင်းခဲ့သည်။
နိုင်ငံတော်ယာယီသမ္မတသည် တက္ကသိုလ်များဗဟိုစာကြည်တိုက်အတွင်း ရှေးဟောင်းစာအုပ်စာစောင်များအား စနစ်တကျထိန်းသိမ်းထားရှိမှု၊ ပျက်စီးပျောက်ဆုံးမှုများမရှိစေရေးဆောင်ရွက်ထားရှိမှု၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာနိုင်ရေးဆောင်ရွက်ထားရှိမှုများကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကိုဖြည့်ဆည်းပေးခဲ့သည်။
ရန်ကုန်တက္ကသိုလ်သည် ၁၉၂၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ရဟန်းတော်များ၊ နိုင်ငံရပ်ခြားမှ ခေါင်းဆောင်များ၊ လူပုဂ္ဂိုလ်များအပါအဝင် (၇၂)ဦးအား ဂုဏ်ထူး ဆောင်ဘွဲ့အမျိုးမျိုးချီးမြှင့်ခဲ့ပြီး ချီးမြှင့်ခဲ့သည့်ဘွဲ့များသည် ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့၊ ဂုဏ်ထူး ဆောင်ဥပဒေပါရဂူဘွဲ့များဖြစ်ပြီး ရဟန်းသံဃာများဖြစ်သည့် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီလာ နန္ဒာဘိဝံသ၊ ဘဒ္ဒန္တမာရာဘိဝံသနှင့် ဘဒ္ဒန္တဉာဏိဿရ တို့အား ဂုဏ် ထူးဆောင်စာပေပါရဂူဘွဲ့ချီးမြှင့်ခဲ့ကာ နိုင်ငံတကာ ခေါင်းဆောင်များဖြစ်သည့် ယူဂိုဆလားဗီးယားသမ္မတ မာရှယ်တီးတိုးနှင့် ဗီယက်နမ်သမ္မတ ဟိုချီမင်းတို့အား ဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့များချီးမြှင့်ခဲ့ပြီးဖြစ် သည်။