လက်နက်တင်ပို့မှု “အမည်ပျ-က်စာရင်း”မှကမ္ဘောဒီးယားကို'ကန်'ပယ်ဖျ-က်
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကမ္ဘောဒီးယားနိုင်ငံကို လက်နက်တင်ပို့မှု “အမည်ပျ-က်စာရင်း” မှ တရားဝင် ပယ်ဖျ-က်လိုက်ရာ ထူးခြားသော ခြေလှမ်းတစ်ရပ်အဖြစ် ကြေညာခဲ့ကြောင်း သိရသည်။ ဤကြေညာချက်သည် စစ်ဘက်ဆိုင်ရာ ကုန်သွယ်ရေး ကန့်သတ်ချက်များ သိသိသာသာ လျော့ပါးလာခြင်းကို ပြသနေကြောင်း ပေါ်လွင် နေပေသည်။
စက်မှုနှင့် လုံခြုံရေးဗျူရို (ဘီအိုင်အက်စ်) မှတစ်ဆင့် ဖက်ဒရယ်မှတ်တမ်းကို ပြင်ဆင်ရေးဆွဲကာ ကမ္ဘောဒီးယားကို “နိုင်ငံအုပ်စု ဒီ-၅” (ယခင်က ကမ္ဘောဒီးယားသို့ အမေရိကန်လက်နက် တင်ပို့မှုကို ကန့်သတ်ထားသည့် အဆင့်အတန်း) မှ ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ သုံးသပ်ချက်အရ ကမ္ဘောဒီးယားနိုင်ငံသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို တက်ကြွစွာ ဖော်ဆောင်နေခြင်း၊ အမေရိကန်နှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်နေခြင်း၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို တို-က်ဖျ-က်ရန် ကြိုးပမ်းနေခြင်း တို့ကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဤလုပ်ဆောင်ချက်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလက အိမ်ဖြူတော်က ကမ္ဘောဒီးယားသို့ လက်နက်ရောင်းချမှု ပိတ်ပင်ချက်ကို ရုပ်သိမ်းခဲ့သည့် အစီအစဉ်နှင့် တစ်ထပ်တည်း ဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံရှိ အမေရိကန် ကူးသန်းရောင်းဝယ်ရေး အသင်း ၏ ဥက္ကဋ္ဌ ကေစီ ဘားနတ် က ယခုခြေလှမ်းသည် ကမ္ဘောဒီးယားအပေါ် အမေရိက၏ “ယုံကြည်မှုကို ပြသသည့် ခိုင်မာသော သင်္ကေတတစ်ခု” ဖြစ်ကြောင်း ပြောကြားခဲ့သည်။ စင်ကာပူတွင် အမေရိကန် လေကြောင်းနှင့် ကာကွယ်ရေး ကုမ္ပဏီများနှင့် တွေ့ဆုံနေစဉ် ဘားနတ်က ဤအပြောင်းအလဲသည် “ကမ္ဘောဒီးယား၏ လုံခြုံရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည့် အဆင့်မြင့် အမေရိကန် နည်းပညာများ ရရှိရန် လမ်းဖွင့်ပေးလိုက်ခြင်း ဖြစ်သည်” ဟု ဆိုသည်။
စည်းမျဉ်းသစ်အရ နိုင်ငံအုပ်စု ဒီ-၅ ရှိ ကမ္ဘောဒီးယားအမည်ဘေးမှ ကြက်ခြေခတ် အမှတ်အသားကို ဖယ်ရှားလိုက်ပြီ ဖြစ်သဖြင့် ဖေဖော်ဝါရီလ ၃ ရက် နေ့မှစတင်၍ အမေရိက၏ လက်နက်ဆိုင်ရာ ကန့်သတ်ချက် အများစုသည် ပြီးဆုံးသွားပြီဖြစ်သည်။ ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်အရ ယခုအပြောင်းအလဲကြောင့် ကမ္ဘောဒီးယားသို့ ကုန်ပစ္စည်းတင်ပို့မှု လိုင်စင်လျှောက်ထားမှုသည် တစ်နှစ်လျှင် (၁၀၀) ခန့်အထိ တိုးလာနိုင်ပြီး ယခင်က ရှုပ်ထွေးခဲ့သော လုပ်ထုံးလုပ်နည်းများကို ပိုမိုမြန်ဆန် ချောမွေ့စေမည် ဖြစ်ကြောင်း သိရသည်။
သို့သော်လည်း နိုင်ငံတော် လုံခြုံရေး အကြောင်းပြချက်များကြောင့် ကမ္ဘောဒီးယားသည် “နိုင်ငံအုပ်စု ဒီ-၁” တွင် ဆက်လက်ရှိနေဦးမည် ဖြစ်ရာ အချို့သော စစ်ဘက်နှင့် ကာကွယ်ရေးဆိုင်ရာ နည်းပညာများအတွက် ပို့ကုန်စီမံခန့်ခွဲမှု စည်းမျဉ်းများ ပုဒ်မ ၇၄၄.၂၁ နှင့် ၇၄၄.၂၂ အရ လိုင်စင်ထိန်းချုပ်မှုများ ဆက်လက် လိုအပ်နေဦးမည် ဖြစ်ကြောင်း သိရသည်။