သုတေသီများ၏ ပညာရပ်ဆိုင်ရာဖန်တီးမှုစွမ်းရည်များသည် နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာအထောက်အကူပြုနိုင်မည်
နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် သုတေသီများ၏အရေးပါမှုနှင့်ပတ်သက်၍ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၅ ရက်က ရန်ကုန်မြို့၌ကျင်းပသည့် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့၏ (၂၅)ကြိမ်မြောက် ငွေရတုသုတေသန ညီလာခံနှင့် သိပ္ပံပွဲတော်(၂၀၂၆)ဖွင့်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
" သုတေသီတွေရဲ့ ပညာရပ်ဆိုင်ရာဖန်တီးမှုစွမ်းရည်တွေဟာ နိုင်ငံတည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်မယ့် စစ်မှန်တဲ့အင်အားတစ်ရပ်ဖြစ်ပါတယ်။ နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့အတွက်လိုအပ်သည့် နည်းပညာအသစ်တွေ၊ တီထွင်ဆန်းသစ်မှုအသစ်တွေကို ဖော်ထုတ်ကြရပါမယ်"ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။
ထို့ပြင် ပညာသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အခြေခံအုတ်မြစ်ဖြစ်၍ တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပ ညာမြင့်မားတိုးတက်ရေးနှင့် ကုန်ထုတ်လုပ်မှု အ ထောက်အကူပြုပညာရှင်များထွန်းကားလာရေးမှာအရေးကြီးပြီး ခေတ်မှီနိုင်ငံတော်ကြီးတည်ဆောက်နိုင်ရန်အတွက် ဝိဇ္ဇာနှင့်သိပ္ပံပညာရပ်နယ်ပယ်အားလုံး ဟန်ချက်ညီညီ အားကောင်းရန်လိုသည်ဟု ပြောသည်။
" ဒါ့ကြောင့် ဝိဇ္ဇာနဲ့သိပ္ပံ အသိပညာရှင်အတတ်ပညာရှင်တွေအားလုံး အတူတကွပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် နိုင်ငံ့အကျိုးစီးပွားကို အချိန်တိုအတွင်းဖွံ့ဖြိုးတိုး တက်အောင် ထိထိရောက်ရောက်ပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်"ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။
ထို့အတူ သုတေသနလုပ်ငန်းများမှတစ်ဆင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အတွက် နည်းပညာသစ်များဖော်ထုတ်၍ အရည်အ သွေးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရန်၊ ဈေးကွက်သစ်များချဲ့ထွင်နိုင်ရန် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးအတွက် အရည်အသွေးပြည့်ဝသည့် သု တေသနအခြေပြု ကျွမ်းကျင်လုပ်သားများမွေးထုတ် ပေးရမည်ဟု ပြောသည်။
သုတေသနသည် တက္ကသိုလ်များ၏ အသက်သွေး ကြောဖြစ်ကာ သုတေသနဆောင်ရွက်မှုများမှတစ်ဆင့် မိမိတို့သင်ယူလေ့လာနေသည့် ပညာရပ်နယ်ပယ်တွင် ပိုမိုတတ်ကျွမ်းထူးချွန်လာမည်ဖြစ်ပြီး သုတေသနများမှရရှိလာသည့် နည်းပညာသစ်များကို စက်မှုလက်မှုက ဏ္ဍများတွင်လက်တွေ့အသုံးချပြီး နိုင်ငံတော်က အား ကိုးအားထားပြုရသော အရည်အသွေးမြင့်တက္ကသိုလ်များဖြစ်အောင်ကြိုးစားကြရမည်ဟု နိုင်ငံတော် ယာယီသမ္မတက တိုက်တွန်းပြောကြားခဲ့သည်။

image