အန်ဂူမိုဟာအတွက် ချဲလ်ဆီးကို အနည်းဆုံး ပေါင် ၂.၈ သန်းပေးရမယ့် လီဗာပူး
==================
သမာဓိခုံရုံးက လီဗာပူးအနေဖြင့် ပရီးမီးယားလိဂ်ပြိုင်ဘက် ချဲလ်ဆီးအား တောင်ပံကစားသမားရီယိုအန်ဂူမိုဟာအတွက် အနည်ဆုံး နစ်နာကြေး ပေါင် ၂.၈ သန်းပေးရန် ဆုံးဖြတ်လာပါတယ်။
အသက် ၁၇ နှစ်ရှိ အန်ဂူမိုဟာဟာ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ချဲလ်ဆီးအကယ်ဒမီမှ ထွက်ခွာကာ လီဗာပူးသို့ ပြောင်းခဲ့ပြီး တစ်နှစ်အကြာတွင် ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ယခုအခါ The Professional Football Compensation Committee (PFCC) ရဲ့ သမာဓိခုံရုံးက လီဗာပူးအနေဖြင့် ချဲလ်ဆီးအား ပြုစုပျိုးထောင်စရိတ် ပေးရန် ဆုံးဖြတ်လာပြီလည်း ဖြစ်ပါတယ်။
လီဗာပူးအနေဖြင့် အနည်းဆုံး ပေါင် ၂.၈ သန်းပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူးအနေဖြင့် ဆွေးနွေးမှုအပေါ် မူတည်ပြီး နောက်ထပ်ပေးလာရပါဦးမယ်။
အစောပိုင်းတုန်းက ထွက်ပေါ်ခဲ့တဲ့ သတင်းအရ ချဲလ်ဆီးဟာ လီဗာပူးဘက်က အန်ဂူမိုဟာအား ထပ်ဆင့် ရောင်းချလာပါက ပြောင်းရွှေ့ကြေးရဲ့ ၂၀ ရာခိုင်နှုန်းအား ရရှိလာမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။
ဆယ်ကျော်သက်ကစားသမားဟာ ယခုရာသီတွင် အန်းဆလော့ရဲ့ လီဗာပူးအတွက် ပြိုင်ပွဲအရပ်ရပ် ၁၃ ပွဲ ကစားထားပါတယ်။ သူဟာ ဩဂုတ်လတုန်းက နယူးကာဆယ်နှင့်ကစားတဲ့ ပထမဆုံးပရီးမီးယားလိဂ်ပွဲတွင် မိနစ် ၁၀၀ မှာ အနိုင်ဂိုးသွင်းခဲ့ပါတယ်။
ထိုစဉ်တုန်းက သူဟာ အသက် ၁၆ နှစ်နှင့် ၃၆၁ ရက်တည်းသာ ရှိသေးကာ လီဗာပူးသမိုင်းတွင် အသက်အငယ်ဆုံးဂိုးသွင်းသူ ဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် သူဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတုန်းက အက်ခရင်တန်အား ၄-၀ ဖြင့် အနိုင်ရတဲ့ အက်ဖ်အေဖလားပွဲတွင် ပွဲထွက်ကစားခွင့်ရပြီးနောက် လီဗာပူးသမိုင်းတွင် အသက်အငယ်ဆုံးပွဲထွက်ကစားခွင့်ရသူအဖြစ်လည်း မှတ်တမ်းတင်ခဲ့သူပါ။
အင်္ဂလန်ယူ-၁၉ ကစားသမားဟာ ချဲလ်ဆီးတွင် ကစားစဉ်တုန်းက ချဲလ်ဆီးအကယ်ဒမီရဲ့အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ပထမအသင်းအတွက် ကစားခွင့်ပိုရနိုင်တဲ့ လီဗာပူးသို့ ပြောင်းရန် ရွေးချယ်ခဲ့တာပါ။