စက်မှုနှင့် စီးပွားရေးလုပ်ငန်းများကို ဓါတ်အားခနှုန်းထားသစ် တစ်ယူနစ်လျှင် ကျပ် ၉၀၀ ဖြင့် ဖေဖေါ်ဝါရီလမှ စပြီးတိုးမြှင့်ကောက်ခံမည်
မီတာဖတ်သူနှင့် သုံးစွဲသူ နှစ်ဖက်သဘောတူလက်မှတ်ရေးထိုးသွားရန် လိုအပ်
လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုကုန်ကျစရိတ် မျှတစေရန်အတွက် စက်မှုနှင့် စီးပွားရေးလုပ်ငန်းများသို့ စီးပွားရေးနှုန်းထား တစ်ခုသတ်မှတ်ပြီး ဖေဖေါ်ဝါရီလအသုံးမှစ၍ တစ်ယူနစ်လျှင် ကျပ် ၉၀၀ ဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးညဏ်ထွန်းက ပြောသည်။
ယမန်နေ့က မန္တလေးတိုင်းရှိ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနေမှု အခြေအနေနှင့် ပတ်သက်ပြီး တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ တာဝန်ရှိသူများ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဇန်နဝါရီ အသုံးယူနစ်များကို မီတာဖတ်သူနှင့် သုံးစွဲသူ နှစ်ဖက် သဘောတူလက်မှတ်ရေးထိုးသွားရန် လိုအပ်ကြောင်းနှင့် ဓါတ်အားခနှုန်းထား တိုးမြှင့်သွားသော်လည်း လုပ်ငန်းရှင်များအတွက် ခိုင်မာသောစွမ်းအင် အာမခံချက်ရှိသည့် ကုန်ထုတ်လုပ်မှု ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးခြင်းဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ကပြောသည်။
စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေဖြင့် လုပ်ငန်းများ အောင်မြင်စွာတိုးချဲ့ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်းနှင့် ပြည်သူလူထုသုံးစွဲနေသာ ဓတ်အားခနှုန်းထားများသည် ယခင်နှုန်းထားအတိုင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးညဏ်ထွန်းက ပြောသည်။
လျှပ်စစ်ဓတ်အားဝန်ကြီးဌာနမှ ဓါတ်အားထုတ်လုပ်ပေးလျက်ရှိသည့် အရင်းအမြစ်လိုက် တပ်ဆင်အင်အားများမှာ ရေအားလျှပ်စစ်စက်ရုံ (၃၂) ရုံ၊ သဘာဝဓါတ်ငွေ့သုံးစက်ရုံ (၂၄) ရုံ၊ ကျောက်မီးသွေးသုံးစက်ရုံ နှစ်ရုံ၊ နေရောင်ခြည်သုံးစွမ်းအင်စက်ရုံ (၁၂) ရုံ စုစုပေါင်း တပ်ဆင် စက်အင်အားမှာ (၆၇၂၅) မဂ္ဂါဝပ် အထိရှိပြီး စက်စွမ်းအားပြည့်မောင်းနှင်နိုင်ပါက (၄၀၀၀) မဂ္ဂါဝပ်ထိ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်သည့် အခြေအနေ ဖြစ်ကြောင်း သိရသည်။
သို့သော် အကြောင်းအမျိုးမျိုးကြောင့် သဘာဝဓါတ်ငွေ့ထုတ်လုပ်နိုင်မှု တဖြေးဖြေးလျော့နည်းခဲ့ပြီး လျှပ်စစ်ဓါတ်အား ၆၀၀ မဂ္ဂါဝပ် လျော့နည်း ထုတ်လုပ်ရရှိသဖြင့် တစ်ရက်ကို ၃၀၀၀ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်ခဲ့ခြင်းကြောင့် အချို့နေရာများတွင် အချိန်ပိုင်းအလှည့်ကျစနစ်ဖြင့် ဖြန့်ဖြုးပေးနေခြင်းဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ကပြောသည်။
လက်ရှိ LNG မှ လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်းသည် ဈေးကြီးမြင့်သော်လည်း စက်မှုဇုန်များကို အချိန်ပြည့်ရရှိနိုင်ရန် LNG စီမံကိန်းကို ၂၀၂၃ ခုနှစ် မတိုင်မီကတည်းက စတင်ခဲ့ပြီး စက်မှုဇုန်များကိုပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ၅၀၀ မဂ္ဂါဝပ် စီမံကိန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှစ၍ ဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။