19 နာရီ - ဘာသာပြန်ပါ။

ပညာရေးကဏ္ဍမြှင့်တင်ရေး မဖြစ်မနေဆောင်ရွက်သွားမည် ဟုဆို
--------------------------
ပညာရေးကဏ္ဍ မြှင့်တင်ရေးကို မဖြစ်မနေ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဖေဖော်ဝါရီ ၃ ရက်က နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်က နည်းပြအရာရှိကြီးတွေနဲ့ သင်တန်းသားအရာရှိကြီး တွေကို Video Conferencing နဲ့ အမှာစကား ပြောကြားရာမှာ အခုလို ထည့်သွင်း ပြောကြားခဲ့တာပါ။
မိမိတို့နိုင်ငံအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးကဏ္ဍတွေမှာ နိမ့်ပါးခဲ့ပြီး နိုင်ငံတိုးတက်ရေး၊ တည်ငြိမ်အေးချမ်း ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားတွေရဲ့ ပညာရေးကဏ္ဍ မြင့်မားနေဖို့ လိုတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
“အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အတန်းပညာရှိမှသာ စည်းကမ်းကောင်း မွန်တဲ့ နိုင်ငံသားတွေများပြားလာမှာဖြစ်ပြီး နိုင်ငံတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုမှာဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှာ နိုင်ငံတော်ရဲ့ အခြေအနေတွေကို အသေးစိတ် ဖော်ပြထားတာကို တွေ့မြင်ရမှာဖြစ်ပြီး ပညာရေးကဏ္ဍကို များစွာအဆင့်မြှင့်တင်ဖို့ လိုအပ်နေတာကို တွေ့မြင်နိုင် မှာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
နိုင်ငံ့လူဦးရေရဲ့ အများစုဟာ မိမိတို့ ကိုယ်ကို ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မှုမရှိတဲ့အတွက် ဆင်းရဲမွဲတေမှု လည်းများပြားပြီး ဆင်းရဲမွဲတေမှုတွေရှိနေသမျှ ကာလပတ်လုံး ပုဂ္ဂိုလ်ရေး ခံစားချက်တွေရှိကာ မနာလိုတာမ ကျေနပ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။
မိမိတို့ နိုင်ငံရဲ့ သမိုင်းကြောင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံမတည်ငြိမ်မှု ဖြစ်စဉ်တွေဟာ ပညာရေးဆိုင်ရာ အားနည်းချက် ကြောင့်ဖြစ်တာကိုတွေ့ရပြီး ပညာရေးကဏ္ဍ မြှင့်တင်ရေးကို မဖြစ်မနေ ဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဒါ့ကြောင့် ကျောင်းနေအရွယ်ကလေးငယ်တွေ အားလုံး ကျောင်းနေစေရေး နိုင်ငံသားအားလုံး ဝိုင်းဝန်းဆောင်ရွက် သွားကြဖို့ လိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

image