ခါရာဘောင်ဖလားဗိုလ်လုပွဲသို့ တက်ရောက်ပြီးနောက် မြောက်လန်ဒန်ဒါဘီပွဲအတွက် ပြင်ဆင်မှု ထိခိုက်လာတဲ့ အာဆင်နယ်
====================
အာဆင်နယ်ဟာ ခါရာဘောင်ဖလားဗိုလ်လုပွဲသို့ တက်ရောက်လာမှုရဲ့ အကျိုးဆက်အဖြစ် မြောက်လန်ဒန်ဒါဘီပွဲမတိုင်မီ ၇ ရက်အတွင်း ၃ ပွဲ ကစားလာရတော့မှာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ လန်ဒန်မြို့ခံပြိုင်ဘက် ချဲလ်ဆီးကို နှစ်ကျော့ပေါင်းရလဒ် ၄-၂ ဖြင့် အနိုင်ရရှိကာ ခါရာဘောင်ဖလားဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပါတယ်။
အာဆင်နယ်ဟာ မတ်လ ၂၂ ရက်နေ့တွင် ဝင်ဘာလေကွင်းမှာ ယခုရာသီ ပထမဆုံးဆုဖလား ရရှိရေး တိုက်ပွဲအဖြစ် ဂွါဒီယိုလာကိုင်တွယ်နေတဲ့ မန်စီးတီးနှင့် ခါရာဘောင်ဖလားဗိုလ်လုပွဲ ကစားရပါမယ်။
ဒါပေမယ့် ယင်းခါရာဘောင်ဖလားဗိုလ်လုပွဲကြောင့် အာဆင်နယ်မှာ ပွဲပြက္ခဒိန်အပြောင်းအလဲ ပြုလုပ်လာရကာ ပွဲကြပ်များ ဆက်တိုက်ကစားလာရတော့မှာလည်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာ မတ်လ ၂၁ ရက်နေ့တွင် ဝုဗ်ကို အဝေးကွင်းသို့ သွားရောက် ကစားရမှာ ဖြစ်ပေမယ့်လည်း ယင်းပွဲမှာ ခါရာဘောင်ဖလားဗိုလ်လုပွဲနှင့် တိုက်နေမှုနှင့်အတူ ဖေဖော်ဝါရီလ ၁၈ ရက်နေ့သို့ ရွှေ့ဆိုင်းလာရပါတယ်။
ဒါကြောင့်လည်း အာဆင်နယ်ဟာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ခါးသီးတဲ့ ပြိုင်ဘက် စပါးစ်နှင့်ပွဲမတိုင်မီ ပွဲကြပ်များ ကစားလာရပါမယ်။
အာဆင်နယ်ဟာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဘရန့်ဖို့ဒ်အား အဝေးကွင်းသို့ သွားရောက် ကစားရမှာ ဖြစ်ပြီး သုံးရက်အကြာတွင် ဝီဂန်ကို ဧည့်ခံကစားရပါမယ်။ ယင်းပွဲအပြီးတွင် အာဆင်နယ်ဟာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် Molineux သို့ သွားရောက်ကာ ဝုဗ်နှင့် ရင်ဆိုင်ရပါမယ်။
အာဆင်နယ်ဟာ ယင်းပွဲအပြီး သုံးရက်အကြာတွင် စပါးစ်အား အဝေးကွင်းသို့ သွားရောက် ကစားလာရမှာလည်း ဖြစ်ပါတယ်။
တဖက်တွင် အာဆင်နယ်နည်းပြအာတီတာဟာ ယခုရာသီ ပွဲများစွာ ကစားနေရမှုနှင့်အတူ ပွဲအတွက် လူစာရင်း ပိုမို ထည့်သွင်းခွင့်ပေးရေး ပရီးမီးယားလိဂ်အား တောင်းဆိုထားပါတယ်။
လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်လူစာရင်းတွင် ကစားသမား ၁၈ ဦးထည့်သွင်းခွင့် ပြုထားတာ ဖြစ်ပြီး အာတီတာက ၂၀ ဦးအထိ ခွင့်ပြုရန် တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။

image