ခါရာဘောင်ဖလားဗိုလ်လုပွဲတွင် ဂူဟီ ကစားခွင့်ရသင့်တယ်လို့ဆိုကာ စည်းမျဉ်းပြောင်းလဲရန် ဂွါဒီယိုလာတောင်းဆိုလာ
==================
မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက အင်္ဂလိပ်ဘောလုံးလိဂ်အနေဖြင့် စည်းမျဉ်းပြောင်းလဲကာ မာ့ခ်ဂူဟီအား အာဆင်နယ်နှင့် ခါရာဘောင်ဖလားဗိုလ်လုပွဲအား ကစားခွင့်ပေးသင့်ကြောင်း ပြောကြားလာပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းခေါင်းဆောင်ဟောင်းမာ့ခ်ဂူဟီဟာ ဗုဒ္ဓဟူးနေ့ညတုန်းက နယူးကာဆယ်အား နှစ်ကျော့ပေါင်းရလဒ် ၅-၁ ဖြင့် အနိုင်ရတဲ့ ခါရာဘောင်ဖလားဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တွင် ပါဝင်ကစားခွင့်မရခဲ့ပါဘူး။ သူဟာ မတ်လ၂၂ ရက်နေ့တွင် ဝင်ဘာလေကွင်းမှာ အာဆင်နယ်နှင့် ကစားရမယ့် ဗိုလ်လုပွဲကိုလည်း လွဲချော်လာပါမယ်။
အသက် ၂၅ နှစ်ရှိ ဂူဟီဟာ မန်စီးတီးတို့ နယူးကာဆယ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ ပထမအကျော့ပွဲစဉ်အပြီးတွင် အီတီဟတ်သို့ ရောက်လာတာပါ။
ဒါပေမယ့် ခါရာဘောင်ဖလားစည်းမျဉ်းအရ ခါရာဘောင်ဖလားဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်အမီ(သို့မဟုတ်) ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက် မပိတ်မီ ရောက်လာတဲ့ ကစားသမားသာ ကစားခွင့်ရှိပါတယ်။
ဂွါဒီယိုလာက "ခါရာဘောင်ဖလားဗိုလ်လုပွဲမှာ မာ့ခ်(ဂူဟီ) ကစားနိုင်အောင် လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဗိုလ်လုပွဲမှာ သူ မကစားနိုင်တာ သိပါတယ်။ ကစားသမားတစ်ဦးကို ငွေအမြောက်အမြားပေးပြီး ခေါ်တယ်။ စည်းမျဉ်းကြောင့် သူ မကစားနိုင်ဘူးဆိုတာကိုတော့ နားမလည်နိုင်အောင် ဖြစ်ရတယ်။ ဒါကို သူတို့ ပြောင်းလဲလာဖို့ မျှော်လင့်ပါတယ်"လို့ ပြောကြားသွားပါတယ်။
မာခ်ဂူဟီမတိုင်မီ အီတီဟတ်သို့ ရောက်လာတဲ့ ဆီမန်ယိုမှာ နယူးကာဆယ်နှင့် ပထမအကျော့ပွဲစဉ်တွင် ပါဝင်ကစားခဲ့ပြီး ဂိုးလည်း သွင်းခဲ့ပါတယ်။
ဆက်လက်ပြီး ဂွါဒီယိုလာက "အန်တိုနီက ပထမပွဲမတိုင်ခင် ရောက်လာတယ်။ ဒီတော့ သူ ကစားနိုင်တယ်။ အခု ဗိုလ်လုပွဲ ရောက်လာပြီ။ သူ(ဂူဟီ)ကျတော့ ဘာလို့ ကစားခွင့်မရတာလဲ။ ဘာလို့လဲ။ သူ့လစာကို ကျွန်တော်တို့ ပေးတယ်။ သူက ကျွန်တော်တို့ ကစားသမားပါ။ ကလပ်ကို ပြောမယ်။ သူတို့ တောင်းဆိုလိမ့်မယ်။ သေချာပါတယ်။ မတ်လ ဗိုလ်လုပွဲမှာ သူ ကစားခွင့်မရတဲ့ အကြောင်းပြချက်ကို နားမလည်နိုင်ဘူး။ အဲဒီကာလဆိုရင် ဒီကို သူ ရောက်လာတာ အတန်အသင့်ကြာနေတဲ့ အချိန်လည်း ဖြစ်တယ်။ ကစားသမားတစ်ဦးကို ဝယ်ယူဖို့ ဆိုတာ ဖီဖာ၊ ယူအီးအက်ဖ်အေနဲ့ ပရီးမီးယားလိဂ်အပေါ် မူတည်တယ်။ အပြောင်းအရွှေ့ဈေးကွက်ဖွင့်တယ်။ ကစားသမားဝယ်တယ်။ သူ့ကို ကစားစေရဘူးတဲ့လား။ ဒီတော့ သူကစားခွင့်ရဖို့ တောင်းဆိုသွားမယ်။ ဒါပဲ ဖြစ်သင့်တယ်"လို့ ပြောကြားသွားပါတယ်။
မန်စီးတီးဟာ ယခုရာသီ ဖလားပြိုင်ပွဲတွင် ကစားသမားမှာ အသင်းနှစ်သင်းအတွက် ကစားနိုင်တဲ့ စည်းမျဉ်း အပြောင်းအလဲရဲ့ အကျိုးဆက်ကို ခံစားထားရပြီးလည်း ဖြစ်ပါတယ်။
ဆီမန်ယိုနှင့် မက်စ်အယ်လေနီတို့မှာ ဘုန်းမောက်၊ ဝက်ဖို့ဒ်တို့နှင့်အတူ ခါရာဘောင်ဖလားမှာ ကစားထားပြီး ဖြစ်ပေမယ့် မန်စီးတီးအတွက် ကစားခွင့်ရထားကြပါတယ်။