“ အရာရာကို ဆုပ်ကိုင်ထားရတာ မပင်ပန်းသေးဘူးလား ပန် ။ သူများဘဝတွေကို ဆုပ်ကိုင်ထားရတာ မပင်ပန်းသေးဘူးလား ။ ”
“သူများ..!!! “
“ ကိုယ်တိုင်မဟုတ်တဲ့ တခြားသူတိုင်းကို သူများလို့ သတ်မှတ်ရမှာပဲ ပန် ။ လူဆိုတာ ကိုယ့်ဘဝကိုယ်တောင် ဆုပ်ကိုင်ထားဖို့ ခဲယဉ်းတာ ဘယ်လိုလုပ် သူများဘဝတွေကို ဆုပ်ကိုင်ထားလို့ရမှာလဲ ။ ပန်က ပန့်အဝါးရဲ့ဘဝကိုလည်း မိမိရရ ဆုပ်ကိုင်ထားချင်တယ် ။ ပန့်အနူးရဲ့ဘဝကိုလည်း အတိမ်းအစောင်း မရှိရအောင် ဆုပ်ကိုင်ထားချင်တယ် ။ ပန့်မောင်လေးရဲ့ ဘဝကိုလည်း အချွတ်အချော် အတိမ်းအစောင်းမရှိအောင် ဆုပ်ကိုင်ထိန်းမတ်ထားချင်တယ် ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ပန် ။ ပန့်ကိုယ်ပန်တောင် ဆုပ်ကိုင်ထားလို့ရရဲ့လား ။ ပန့် စိတ်တွေ အခု လွင့်ချင်တိုင်းလွင့် ၊ ခံစားချင်တိုင်း ခံစားနေတာကို ပန် ထိန်းချုပ်ထားလို့ရရဲ့လား ”
“ လွှတ်ချလိုက်ပါတော့ ပန် ။ ပန် ဆုပ်ကိုင်ထားတာတွေကို လွှတ်ချလိုက်ပါတော့ ။ မဟုတ်ရင် ပန် အရမ်းပင်ပန်းနာကျင်ရလိမ့်မယ် ။ လူဆိုတာ ကိုယ့်ဘဝနဲ့ကိုယ် ၊ ကိုယ့်ကံကြမ္မာနဲ့ကိုယ် ၊ ကိုယ့်အကြိုက်နဲ့ကိုယ် ၊ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ပဲ ။ ကိုယ့်ဘဝကို ကိုယ်သာ ဖန်တီးနိုင်တာမျိုးပဲ ။ မိသားစုဆိုတိုင်းလည်း သူတို့ဘဝတွေကို ပန့်စိတ်ကြိုက် ဖန်တီးခြယ်လှယ်လို့ ဘယ်ရနိုင်ပါ့မလဲ ။ သူ့ရွေးချယ်မှုနဲ့သူ ၊ သူ့ကြမ္မာနဲ့သူ ဖြစ်နေတဲ့ဘဝတွေကို ပန် ဆုပ်ကိုင်ထားဖို့ ကြိုးစားတိုင်း ပင်ပန်းနေရမှာပဲ ။ အဲ့ဒီလိုပင်ပန်းမှုတွေကြောင့်ပဲ လေလွင့်ခဲ့ရတာမဟုတ်လား ..”
“ ကိုယ့်စံနှုန်းဖြင့် ဘောင်ခတ်၍
သူ့ဘဝကို မပျော်ဘူးဟု ထင်မိသည့်တိုင်
သူ့ဘဝမှာတော့ သူ့စံနှုန်းနှင့်သူ
ပျော်နေတာမျိုးလည်း ရှိဦးမည်ဟု
တွေးနိုင်လာသည့်အခါမှာတော့
ကိုယ့်အမြင် တစ်ခုတည်းဖြင့်
ဘောင်ခတ်ကြည့်၍ မရနိုင်သော
ပျော်ရွှင်မှု၏ သဘောတရားကို နားလည်လာရကာ
ကိုယ့်ပျော်ရွှင်မှုကို ကိုယ့်နှလုံးသားထဲမှာသာ
ဆောက်တည်နိုင်ကြောင်း လက်ခံလာရသည် ။ ”
“ မိန်းမတွေဟာ ချစ်တာနဲ့ မချစ်တာကို
ကွဲကွဲပြားပြား သိဖို့လိုသလို
အချစ်ကို ဖော်ပြဖို့ သင့်မသင့်လည်း ဆုံးဖြတ်နိုင်ဖို့
လိုတယ်ထင်ပါရဲ့ဇီတာရယ်
ပြီးတော့ ငါကလေ ယောင်္ကျားတစ်ယောက်ကို
ငါ ဆက်ပြီး ရှင်သန်ရပ်တည်ဖို့အတွက်လည်း
မရွေးချယ်ချင်ဘူး ။
လတ်တလော စိတ်လှုပ်ရှားမှုကို
အချစ်လို့ ချက်ချင်းအတည်ပြုတတ်တဲ့
ရူးရူးမိုက်မိုက် မိန်းမမျိုးလည်း မဖြစ်ချင်ဘူး ။ ”
#ပန်းတွေပွင့်ဖို့စောင့်ရချိန် #ပုညခင်

image