1 ပတ် - ဘာသာပြန်ပါ။

မော်လမြိုင်စာ စစ်စစ်ဖြစ်တဲ့ အော်ကွေ့ကြည် (ခေါ်) မုန်လာဥမုန့်ကို ဆိုင်မှာဝယ်စားရင် အပြင်သားက ထူပြီး မုန်လာဥအရသာ သိပ်မရတာမျိုး ကြုံဖူးကြမှာပါ။ အခုပြောပြမယ့်နည်းလမ်းကတော့ မုန်လာဥအနှစ်ကို အချိုးကျကျသုံးထားလို့ ဆိုင်ကထက်တောင် ပိုစားကောင်းပြီး အချဉ်ရည်စပ်နည်းပါ တစ်ခါတည်း ပါဝင်တာမို့ ဒီနေ့ပဲ အိမ်မှာ စမ်းလုပ်ကြည့်ရအောင် မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
* မုန်လာဥဖြူ- ၁၅ ကျပ်သားခန့် (အလုံးကြီး ၂ လုံး)
* ဆန်အစိမ်းမှုန့် (မွှေးတံဆိပ်)- ၁ ထုပ် (၁၅၀g)
* ကော်မှုန့်- ထမင်းစားဇွန်း ၃ ဇွန်း
* ပုဇွန်ခြောက်မှုန့်- ထမင်းစားဇွန်း ၁ ဇွန်း (ညက်နေအောင် ကြိတ်ထားရန်)
* ဆား၊ အသားမှုန့် (လက်ဖက်ရည် ၁ ဇွန်းစီ)
* ဆီ (ပေါင်းမည့်ခွက်တွင် သုတ်ရန် အနည်းငယ်)
ပြုလုပ်နည်း အဆင့်ဆင့်
၁။ မုန်လာဥပြင်ဆင်ခြင်း
* မုန်လာဥကို အခွံနွှာ၊ အတုံးသေးများတုံးပြီး မုန်လာဥ၏ အနံ့နှင့် ရှတတအရသာ ပျောက်သွားစေရန် ဆူပွက်နေသော ရေနွေးထဲတွင် ခဏစိမ်၍ ပြန်ဆယ်ပါ။
* ပြီးရင်တော့ Blender ထဲမှာ ရေအနည်းငယ်ထည့်၍ ညက်နေအောင် ကြိတ်ပေးပါ။
၂။ မုန့်နှစ်စပ်ခြင်း
* ကြိတ်ထားသော မုန်လာဥနှစ်ထဲသို့ ဆန်အစိမ်းမှုန့်၊ ကော်မှုန့်၊ ပုဇွန်ခြောက်မှုန့်၊ ဆားနှင့် အသားမှုန့်တို့ကို ထည့်ပါ။ * ပါဝင်ပစ္စည်းများ အားလုံး သမသွားအောင် သေချာစွာ ရောမွှေပေးပါ။
၃။ ပေါင်းခြင်းနှင့် ကြော်ခြင်း
* ပေါင်းမည့် စတီးချိုင့် (သို့မဟုတ်) ဗန်းထဲတွင် ဆီအနည်းငယ်သုတ်ပါ။
* ပြင်ဆင်ထားသော မုန့်နှစ်ကို အထူသင့်တင့်ရုံ ထည့်ပြီး ရေနွေးငွေ့ဖြင့် မိနစ် ၄၀ ခန့် ပေါင်းပေးပါ။
* ကျက်သွားပါက အအေးခံပြီး မိမိကြိုက်နှစ်သက်ရာ ပုံစံတုံး၍ ဆီပူပူတွင် ရွှေအိုရောင်သန်းသည်အထိ ကြော်ပေးနိုင်ပါပြီ။
အချဉ်ရည် ပြုလုပ်နည်း
၁။ ထန်းလျက် ၃ ခဲကို ရေမြုပ်ရုံထည့်၍ ပျော်အောင် ကြိုပေးပါ
၂။ မန်ကျည်းသီး (ထမင်းစားဇွန်း ၁ဇွန်း)ကို ရေဖျော်ထားပါ။
၃။ ကြက်သွန်ဖြူ (၃) တက်နှင့် ငရုတ်သီးစိမ်း (၄) တောင့်ခန့်ကို ညက်အောင် ထောင်းပါ။
၄။ ထန်းလျက်ရည်၊ မန်ကျည်းရည်၊ ထောင်းထားသော ငရုတ်သီးနှင့် ကြက်သွန်ဖြူ၊ ငရုတ်ဆော့စ်နှင့် ဆား (အနည်းငယ်) တို့ကို ရောမွှေပါ။
၅။ အနံ့မွှေးစေရန် နံနံပင် အနည်းငယ် ညှပ်ထည့်နိုင်ပါတယ်။
ကဲ... ဒါဆိုရင်တော့ ကြွပ်ကြွပ်အိအိနဲ့ အရသာထူးကဲတဲ့ အိမ်ချက် အော်ကွေ့ကြည် လေးကို အချဉ်ရည်စပ်စပ်လေးနဲ့ တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။ အိမ်မှာရှိတဲ့ မိသားစုဝင်တွေအတွက်ပဲဖြစ်ဖြစ်၊ ဧည့်သည်လာလို့ ဧည့်ခံဖို့ပဲဖြစ်ဖြစ် အင်မတန်မှ သင့်တော်တဲ့ မုန့်လေးတစ်မျိုးပါပဲ။
အားလုံးသိသွားအောင် ရှဲပေးလိုက်ပါဦးနော်။

#မုန်လာဥမုန့် #အော်ကွေ့ကြည်

image