လာမည့် ၂၀၂၆ ခုနှစ် ပညာသင်နှစ်တွင် အလယ်တန်း၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ ထည့်သွင်းသင်ကြားမည်ဖြစ်၍ သင်ရိုးများ အချိန်မီရေးဆွဲရန် ပညာရေးဝန်ကြီး ပြောကြား
လာမည့် ၂၀၂၆ ခုနှစ် ပညာသင်နှစ် ဇွန်လမှစတင်၍ အလယ်တန်းတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ ထည့်သွင်းသင်ကြားမည်ဖြစ်၍ သင်ရိုးများ အချိန်မီရေးဆွဲရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောကြားသည်။
ဖေဖော်ဝါရီ ၂ ရက်က နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ သင်ကြားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ အလယ်တန်းများတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးဘာသာရပ်များ ထည့်သွင်းသင်ကြားပေးရန်ဖြစ်ကြောင်း၊ သို့ဖြစ်၍ လာမည့် ၂၀၂၆ ခုနှစ် ပညာသင်နှစ် ဇွန်လမှစတင်၍ အလယ်တန်းတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ ထည့်သွင်းသင်ကြားပေးနိုင်ရန်၊ သင်ရိုးများ အချိန်မီရေးဆွဲရန်၊ သင်ကြားမည့် ဆရာ ဆရာမများနှင့် ဆင့်ပွားသင်တန်းများ ဆက်လက်ပေးရန်နှင့် သင်ကြားမည့်အချိန်များ သတ်မှတ်နိုင်ရန် ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
အလားတူ လာမည့်ပညာသင်နှစ်တွင် Grade-12 ၏ သင်ရိုးညွှန်းတမ်းများကို ပြန်လည်ရေးဆွဲရမည်ဖြစ်ရာ သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီး၏ပေါင်းစပ် ညှိနှိုင်းမှုဖြင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။