ပြည်သူဆန္ဒကို လေးစားလိုက်နာဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီး ပြောကြား
-------------------------------------------------
နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူတွေရဲ့ဆန္ဒကို လေးစားရမှာဖြစ်ပြီး ပြည်သူတွေရဲ့ လိုလားချက်တွေအတိုင်း မှန်မှန်ကန်ကန်နဲ့ ဆောင်ရွက်သွားဖို့ လိုတယ်လို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ဖေဖော်ဝါရီ ၃ ရက်က နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်က နည်းပြအရာရှိကြီးတွေနဲ့ သင်တန်းသား အရာရှိကြီး တွေကို Video Conferencing နဲ့ အမှာစကား ပြောကြားရာမှာ အခုလို ထည့်သွင်း ပြောကြားခဲ့တာပါ။
ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်က စတင်ပြီး အပိုင်း ၃ ပိုင်းခွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျင်းပ တဲ့ မြို့နယ်တွေ အားလုံးမှာ ရာနှုန်းပြည့် ကျင်းပနိုင်ခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဒါ့အပြင် ပါတီစုံ ဒီမိုကရေစီနိုင်ငံတစ်ခုအနေနဲ့ တပ်မတော်အနေနဲ့လည်း ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ခိုင်ခိုင် မာမာ လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်ခြင်းပင် ဖြစ်တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးသူ ၁၃ ဒသမ ၁၄ သန်း ရှိပြီး ရာခိုင်နှုန်းအနေနဲ့ ၅၄ ရာခိုင်နှုန်းကျော် ရှိခဲ့ကာ ပြည်သူ တွေအနေနဲ့ ရွေးကောက်ပွဲ ကျင်းပချိန်မှာ စိတ်ပါဝင်စားစွာ ဆောင်ရွက်ခဲ့ကြတာကို ကြည့်မယ်ဆိုရင် ပြည်သူတွေ အနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလိုတာနဲ့ နိုင်ငံတော်အစိုးရရဲ့ လုပ်ဆောင်ချက်အပေါ် ယုံကြည်မှု ရှိတာတွေကို တွေ့ရတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
တွေ့ဆုံပွဲကိုတော့ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင် အဖွဲဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနဲ့ အဆင့်မြင့် တပ်မတော်အရာရှိကြီးတွေ တက်ရောက်ကြပြီး ကော်မရှင်အဖွဲဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။

image