နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်ပြဋ္ဌာန်း
-------------------------------------
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံ ခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကို ပြဋ္ဌာန်းလိုက်တယ်လို့ ဖေဖော်ဝါရီလ ၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ပြည်ထောင်စု လွှတ်တော်၏ ဥပဒေပြုခွင့်အာဏာကို ကျင့်သုံးပြီး ဒီဥပဒေကိုပြဋ္ဌာန်းလိုက်တာပါ။
ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ဥပဒေအရ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၅ ၊ ပုဒ်မခွဲ (ခ)ကို ပုဂ္ဂိုလ်တစ်ဦးဦးရဲ့ နေအိမ်နဲ့ နေအိမ်အဖြစ် အသုံးပြုသောအခန်း၊ အဆောက်အအုံ ဒါမှမဟုတ် ပရဝဏ်နဲ့ ပရဝဏ်အတွင်းရှိ အဆောက်အအုံတွေအတွင်းကို တည်ဆဲဥပဒေ တစ်ရပ် ရပ်အရ ဝင်ရောက် ရှာဖွေတာ၊ သိမ်းဆည်းတာ ဒါမှမဟုတ် သူတစ်ဦးဦးအား ရှာဖွေတာ၊ ဖမ်းဆီးတာ ပြုလုပ်လိုရင် နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေးနဲ့ အများပြည်သူအေးချမ်းသာယာရေးအတွက် အရေးကြီးလိုအပ်ချက်မှတစ်ပါး သက်ဆိုင်ရာ ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးဖြစ်စေ၊ ကျေးရွာတာဝန်ခံ ဒါမှမဟုတ် ရာအိမ် မှူးဖြစ်စေ တစ်ဦးဦး အပါအဝင် အနည်းဆုံးသက်သေနှစ်ဦးနဲ့အတူ ဆောင်ရွက်ရမယ်ဆိုတာနဲ့ အစားထိုးရမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၈ ခြေဆင်း ကိုလည်း နိုင်ငံတော်ကာကွယ်ရေး ၊ လုံခြုံရေးနှင့် အများပြည်သူအေးချမ်းသာယာရေး အလို့ငှာ ဥပဒေနဲ့ အညီ တာဝန်အရဆောင်ရွက်ရတဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်ရှိသူမှအပ မည်သူမျှ တည်ဆဲဥပဒေနဲ့အညီ ခွင့်ပြုမိန့် / ခွင့်ပြုချက် ဒါမှမဟုတ် ဝရမ်းတစ်စုံတစ်ရာ မရှိဘဲဖြစ်စေ နိုင်ငံတော်သမ္မတ ဒါမှမဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့ ရဲ့ ခွင့်ပြုချက် မရှိဘဲဖြစ်စေ ဆိုတာနဲ့အစားထိုးရမယ်လို့ ဖော်ပြထားပါတယ်။