ကဝမြို့နယ်က လူသတ် ၊ပစ္စည်းလုယက်တဲ့ တရားခံကို မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချ
ပဲခူးတိုင်း ၊ ကဝမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်ထဲထိ ဝင်ရောက်ပြီး လူသတ် ၊ ပစ္စည်းလုယက်ခဲ့တဲ့ တရားခံကို မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ သေဒဏ် အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
လူသတ် ၊ ပစ္စည်းလုယက်ခဲ့တဲ့ တရားခံ ဇော်ဝမ်း(ခ)ဆမ်းသဒါးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ဂ)အရ ပဲခူးခရိုင်တရားရုံးက ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ အမိန့်ချမှတ် ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
" ဒီနေ့ပဲ အမိန့်ချလိုက်တာ ။အမှုက စစ်နေတာ ကြာပြီ။ အခုတော့ ပြစ်မှုလည်း ထင်ရှားလို့ သေဒဏ်ချလိုက်တယ် သိရတယ်။ အမှုက စစ်နေတာ တစ်နှစ်ကျော်ပြီ ။ ခုလို သေဒဏ်ချတာ ကျွန်တော်တို့ကတော့ ထောက်ခံတယ်။ ဒီလိုပြစ်ဒဏ်တွေ ချပေးမှ နောက်လူတွေ ကြောက်ရမှန်းသိပြီး ဆင်ခြင်နိုင်မယ်လို့ ထင်တယ်။ အခုနောက်ပိုင်း လူတွေကို သတ်တာ ၊ လုယက်တာ တော်တော်များလာတယ်။ " လို့ ပဲခူးမြို့ တရားရုံးအသိုင်းအဝိုင်းနဲ့ နီးစပ်သူက ပြောပါတယ်။
အမှုဖြစ်စဥ်က ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၆ ရက် နေ့က ကဝမြို့နယ် ၊ သင်ဘန်းကန် ကျေးရွာအုပ်စု၊ ရွှေဘုံသာကျေးရွာက ဒေါ်မာဒီကို နေအိမ်မှာ ရှိနေစဥ် တရားခံဖြစ်သူ တရွာတည်းနေ ဇော်ဝမ်းက ဒေါ်မာဒီကို သတ်ပြီး ရွှေထည်ပစ္စည်းတွေ ယူဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
"အဲဒီ အဒေါ်က အိမ်မှာ တယောက်ထဲရှိတဲ့ အချိန် ပုဆိန်နဲ့ ခုတ်အသတ်ခံရတာပါ။ အသတ်ခံရတာက ကြာပြီ အမှုကအခုမှ အမိန့်ချနိုင်တာ ။ သတ်တဲ့သူကလည်း တရွာတည်းသားဆိုတော့ လူသတ်မှုဖြစ်ပြီး မကြာဘူး ဖမ်းမိတာပါ။ ရက်တော့ သိပ်မမှတ်မိဘူး ။ " လို့ ဖြစ်စဥ်သိတဲ့ ဒေသခံက ပြောပါတယ် ။
တရားခံကို ဖမ်းဆီးပြီး ၁ နှစ်နဲ့ ၆ လကျော်အကြာမှာ သေဒဏ် အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
နေပြည်တော် ၊ ဥတ္တရသီရိမြို့နယ်မှာ အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ကာ ပစ္စည်းလုယက်ခဲ့တဲ့ တရားခံ နှစ် ယောက်ကိုလည်း မသေမချင်းကြိုးကွင်းစွပ်သတ်ရန် သေဒဏ်အပြင် ထောင်နှစ် ၇၀ ပါ ကျခံဖို့ ဥတ္တရသီရိမြို့နယ်တရားရုံးက ဇန်နဝါရီ ၂၈ ရက်နေ့က အမိန့်ချမှတ်မှု ရှိခဲ့တယ်လို့ သိရပါတယ်။
တရားခံတွေ လုယက်ရရှိခဲ့တဲ့ ပစ္စည်းတွေကို ဖျောက်ဖျက်ရာမှာ ပါဝင်ကျူးလွန်ခဲ့တဲ့ တရားခံအောင်ကိုဦး (ခ) ဘယ်ကြီး၊ နန်းရွှေစင် (ခ) ကုလားမ၊ အောင်ဇော် (ခ) ကိုဇော် တို့သုံးယောက်ကိုလည်း ရာဇသတ်ကြီးပုဒ်မ ၄၁၄ အရ ထောင်ဒဏ် (၃) နှစ် ၊ ရာဇသတ်ကြီးပုဒ်မ ၂၀၂ အရ ထောင်ဒဏ်ခြောက်လစီ အသီးသီးကျခံဖို့ အမိန့်ချခံခဲ့တာ ဖြစ်ပါတယ်။