ဂွါဒီယိုလာနေရာတွင် အစားထိုးရန် နည်းပြ ၃ ဦးကို လျာထားလိုက်ပြီ ဖြစ်တဲ့ မန်စီးတီး
===================
မန်စီးတီးဟာ ပက်ဂွါဒီယိုလာနေရာတွင် အစားထိုးရန် နည်းပြ ၃ ဦးအား လျာထားလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။
အသက် ၅၅ နှစ်ရှိ ဂွါဒီယိုလာဟာ မန်စီးတီးနှင့် ၁၈ လစာချုပ်သက်တမ်းကျန်သေးပါတယ်။
ဒါပေမယ့် ဂွါဒီယိုလာဟာ ရာသီအကုန်တွင် မန်စီးတီးနည်းပြရာထူးမှ နုတ်ထွက်လာမယ်လို့ သတင်းထွက်နေပါတယ်။
မန်စီးတီးက ယင်းသတင်းများကို ငြင်းဆိုနေပေမယ့်လည်း တကယ်တမ်း ဂွါဒီယိုလာသာ နုတ်ထွက်လာပါက အစားထိုးခန့်အပ်ရန် နည်းပြ ၃ ဦး လျာထားကြောင်း The Telegraph က ဖော်ပြလာပါတယ်။
The Telegraph က မန်စီးတီးတို့ လျာထားတဲ့ နည်းပြ ၃ ဦးစာရင်းတွင် ချဲလ်ဆီးနည်းပြဟောင်းအန်ဇိုမာရက်စ်ကာ၊ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဇာဘီးအလွန်ဆိုနှင့် ကိုမိုနည်းပြဖာဘရီဂက်စ်တို့ ပါဝင်နေကြောင်း ဖော်ပြသွားပါတယ်။
အသက် ၄၅ နှစ်ရှိ မာရက်စ်ကာဟာ မန်စီးတီး၊ ဂျူဗင်တပ်သို့ ဆွေးနွေးမှု ပြုလုပ်ကြောင်း အသိပေးခဲ့ပြီးနောက် ၂၀၂၆ ခုနှစ် နှစ်သစ်ကူးနေ့တွင် ချဲလ်ဆီးရဲ့ ထုတ်ပယ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။
သူဟာ မန်စီးတီးတွင် အကယ်ဒမီနည်းပြအဖြစ်လည်းကောင်း၊ ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်ပါတယ်။
အသက် ၄၄ နှစ်ရှိ အလွန်ဆိုမှာလည်း ရီးရဲလ်မက်ဒရစ်ကို ၃၄ ပွဲတည်းသာ ကိုင်တွယ်ရပြီးနောက် ဇန်နဝါရီလတုန်းက ကလပ်တာဝန်ရှိသူများနှင့် သဘောထားကွဲလွဲကာ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ဒါပေမယ့် သူဟာ လေဗာကူဆင်မှာတုန်းက တစ်ရာသီလုံးရှုံးပွဲမရှိမှတ်တမ်းဖြင့် ပြည်တွင်းဖလား ၂ လုံး ရယူပေးခဲ့ရာ ဥရောပထိပ်သီးကလပ်များရဲ့ စိတ်ဝင်စားခြင်းခံနေရတုန်း ဖြစ်ပါတယ်။
အာဆင်နယ်နှင့် ချဲလ်ဆီးကစားသမားဟောင်းဖာဘရီဂက်စ်မှာ ကိုမိုအား စီးရီးအေတွင် ရလဒ်ကောင်းများ ရယူပေးထားနိုင်မှုနှင့်အတူ မန်စီးတီးရဲ့ စိတ်ဝင်စားခြင်းခံနေရပါတယ်။ ဖာဘရီဂက်စ်ဟာ ဘာစီလိုနာမှာတုန်းက ဂွါဒီယိုလာလက်အောက်တွင် ကစားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
မန်စီးတီးပရိသတ်များက ဂန္ထဝင်အသင်းခေါင်းဆောင်ဗင်းဆင့်ကွန်ပနီကို ပြန်လည်ခေါ်ယူလိုနေပေမယ့် ဘယ်လ်ဂျီယံအသင်းခေါင်းဆောင်ဟောင်းမှာ ဘိုင်ယန်နှင့် ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးချုပ်ဆိုထားပါတယ်။