စပါးစ်တွင် ကြံ့ခိုင်မှုပြည့်ဝတဲ့ ကစားသမား ၁၁ ဦးတည်းသာ ရှိနေမှုမှာ ရှက်စရာအတိ ဖြစ်နေကြောင်း အသင်းခေါင်းဆောင်ရိုမီယိုဝေဖန်လာ
====================
စပါးစ်အသင်းခေါင်းဆောင်ခရစ္စတီယန်ရိုမီယိုက တနင်္ဂနွေနေ့တုန်းက အိမ်ကွင်းတွင် မန်စီးတီးနှင့် ၂ ဂိုးစီသရေကျတဲ့ပွဲစဉ်တွင် ကြံ့ခိုင်မှုပြည့်ဝတဲ့ ကစားသမား ၁၁ ဦးတည်းသာ ရှိနေမှုမှာ ရှက်ဖွယ်အတိ ဖြစ်နေကြောင်း ဝေဖန်လာပါတယ်။
စပါးစ်ဟာ ၂၀၂၆ ခုနှစ်တွင် ဒဏ်ရာကြောင့် ကစားသမား ၉ ဦးအထိ ဆုံးရှုံးထားရပြီး ပြီးခဲ့တဲ့ရာသီ ကလပ်ရဲ့ ဂိုးသွင်းဘုရင် ဘရန်နန်ဂျွန်ဆင်ကို ပဲလေ့စ်သို့ ရောင်းချခဲ့ကာ ဇန်နဝါရီတွင် ကစားသမား ၂ ဦးတည်းသာ ခေါ်ယူထားပါတယ်။
စပါးစ်အသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့နှစ်ပတ်အတွင်းတွင် ဒုတိယအကြိမ်မြောက်အဖြစ် ကလပ်ကို ဝေဖန်မှု ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။
သူဟာ ဇန်နဝါရီလတုန်းကလည်း ကလပ်တာဝန်ရှိသူများ အောင်မြင်မှု ရရှိနေချိန်တွင် ပေါ်လာတတ်ကာ အလိမ်အညာများ ပြောတတ်ကြောင်း ဝေဖန်ခဲ့ပါတယ်။
ယခု တနင်္လာနေ့မှာလည်း ရိုမီယိုက "မနေ့တုန်းက(မန်စီးတီးနှင့်ပွဲ) ကျုပ်ကစားဖော်တွေ အစွမ်းကုန်ကြိုးစားခဲ့ကြတယ်။ သူတို့ အရမ်းကောင်းခဲ့တယ်။ ကျုပ် နေမကောင်းပေမယ့် သူတို့ကို ကူညီချင်ခဲ့တယ်။ အထူးသဖြင့် ကစားသမား ၁၁ ဦးပဲ ရွေးစရာရှိတဲ့ အခြေအနေမျိုးမှာပေါ့။ တကယ့်ကို မယုံနိုင်စရာပဲ။ ဒါပေမယ့် ဒါက အမှန်တရားပါ။ ပြီးတော့ ရှက်စရာပါ"လို့ အင်စတာဂရမ်တွင် ရေးသားသွားပါတယ်။
စပါးစ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်အစောပိုင်းတွင် အက်သလက်တီကိုမှ အင်္ဂလန်ကွင်းလယ်ကစားသမားကော်နာဂယ်လာဂါနှင့် ဆန်းတို့စ်မှ နောက်ခံလူဆူဇာတို့ကိုသာ ခေါ်ယူအားဖြည့်ခဲ့ပါတယ်။ ၎င်းတို့ဟာ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့မှာတော့ အသက် ၁၈ နှစ်အရွယ်ရှိ ဟတ်တိုက်စစ်မှူးဂျိမ်းစ်ဝီလ်ဆင်ကို ခေါ်ယူခဲ့ပေမယ့် ယင်းလူငယ်မှာ ယူ-၂၁ အသင်းတွင် စတင်ကစားရပါမယ်။