ညဘက်ထမင်းကြော်နဲ့ အလိုက်ဖက်ဆုံး ရှယ်ဝက်ချိုနှပ်
ညဘက် ထမင်းကြော်ဆိုင်တွေမှာ နာမည်ကြီးလွန်းပြီး ထမင်းကြော်နဲ့ဆို အရမ်းလိုက်ဖက်တဲ့ ဝက်ချိုနှပ် ချက်နည်းလေးပါ။
ပါဝင်ပစ္စည်းနှင့် နယ်ဖတ်ရန်
• ဝက်သုံးထပ်သား (၃၀ သားခန့်): ဆား၊ အရသာမှုန့်၊ တရုတ်မဆလာ (လက်ဖက်ရည်ဇွန်း ၁ ဇွန်း)၊ ငရုတ်ကောင်းမှုန့် အနည်းငယ်၊ ပဲငံပြာရည်အပျစ် (၁ ဇွန်း) နှင့် ဂျင်းရည်ညှစ်တို့ဖြင့် နာရီဝက်ခန့် ကြိုတင်နယ်ထားပါ။
ချက်ပြုတ်နည်းအဆင့်ဆင့်
1. ဆီသပ်ခြင်း: ကြက်သွန်ဖြူနှင့် ဂျင်းထောင်းထားသည်ကို ထည့်ပြီး ဆီသပ်ပေးပါ။ ထိုသို့ ဆီသပ်ရာတွင် သစ်ကြမ်းပိုးခေါက် (၁) ချောင်းနှင့် နာနတ်ပွင့် (၂) ပွင့် ပါ တစ်ပါတည်းထည့်ပါ။
2. အသားကြော်ခြင်း: ကြက်သွန်ဖြူလေးများ နီလာပြီး အနံ့မွှေးလာပါက နယ်ထားသော ဝက်သားများကို ထည့်ကြော်ပါ။ အသားများ တင်းလာပြီး အပေါ်ယံ အရောင်ရဲလာသည်အထိ ကြော်ပေးရပါမည်။
3. နှပ်ခြင်း: ဝက်သားများ အရောင်ရလာလျှင် ဒန်အိုးထဲ ပြောင်းထည့်ပါ။ ထို့နောက် ကြက်သွန်နီကြော် (ဟင်းခပ်ဇွန်း ၁ ဇွန်း) ထည့်ပါ။ (ကြက်သွန်နီကြော် မရှိပါက အစိမ်းကို ပါးပါးလှီးထည့်နိုင်သော်လည်း အကြော်က ပိုမွှေးပြီး အရသာ ပိုရှိစေပါတယ်)
4. အရသာဖြည့်စွက်ခြင်း: ရေထည့်ပြီး မီးအေးအေးဖြင့် အသားနူးအောင် ဖြည်းဖြည်းချင်း တည်ထားပါ။ မိမိစိတ်ကြိုက် ပဲငံပြာရည်အပျစ်၊ ဆား၊ အရသာမှုန့်တို့ကို ထပ်မံဖြည့်စွက်ပါ။ (ဘဲဥပြုတ်ရှိလျှင် တစ်ပါတည်း ထည့်ချက်နိုင်ပါတယ်)
5. အချောသတ်ခြင်း: ဝက်သားနူးလာပါက ကြက်သွန်နီဥသေး လေးများထည့်ပြီး ရေခန်းဆီပြန်လာသည်အထိ ချက်ပေးပါ။
အကြံပြုချက်
• ညဘက် ထမင်းကြော်ဆိုင်က စားနေကျ ပုံစံမျိုး လိုချင်ပါက ဆီမပြန်ခင် ရေလေး အနည်းငယ်ကျန်ချိန် မှာ အိုးချပေးပါ။
• နူးညံ့အိစက်နေတဲ့ ဝက်ချိုနှပ်လေးကို သီးစုံပဲကုလားဟင်း၊ ငပိထောင်းစပ်စပ်လေးနဲ့ တွဲဖက်စားသုံးရင်တော့ တကယ့်ကို ရှယ်ပါပဲနော်။ 🥰

#crd_to_owner_with_respect

image