6 ရက် - ဘာသာပြန်ပါ။

Al Nassr အတွက် ကစားရန် ငြင်းဆိုကာ သပိတ်မှောက်လာတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကလပ်ရဲ့အခြေအနေအပေါ် အကြီးအကျယ်ဒေါသထွက်ကာ Al Nassr အတွက် ကစားရန် ငြင်းဆိုပြီး သပိတ်မှောက်လာကြောင်း သိရပါတယ်။
ပေါ်တူဂီစူပါစတားဟာ ဆော်ဒီကလပ်တွင် တစ်နေ့လျှင် ပေါင် ၄၈၈၀၀၀ ရရှိကာ သမိုင်းတွင် လုပ်ခအများဆုံးရ ကစားသမားအဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။
ကြာသပတေးနေ့တုန်းက အသက် ၄၁ နှစ်ပြည့်ခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ယခုရာသီတွင် ပြိုင်ပွဲအရပ်ရပ် ၂၂ ပွဲကစားထားရာမှာ ၁၈ ဂိုးအထိ သွင်းထားနိုင်ပါတယ်။
ဒါပေမယ့် သူဟာ တနင်္လာနေ့တုန်းက Al Riyadh နှင့်ပွဲတွင် Al Nassr အတွက် ပါဝင်ကစားရန် ငြင်းဆိုခဲ့ပါတယ်။
အစောပိုင်းတုန်းက ဒေသခံမီဒီယာများက ခရစ္စတီယာနိုရော်နယ်ဒိုမှာ ကြံ့ခိုင်မှုပြဿနာကြောင့် Al Riyad နှင့်ပွဲကို လွဲလာမယ်လို့ ရေးသားခဲ့ကြပါတယ်။
ဒါပေမယ့် နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းအရ ယူနိုက်တက်နှင့် ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ဟာ ကလပ်ပိုင်ရှင် Public Investment Fund (PIF) အပေါ် မကျေမနပ်ဖြစ်ကာ ပွဲမကစားဘဲ သပိတ်မှောက်လာခြင်း ဖြစ်ကြောင်း သိရပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကလပ်ပိုင်ရှင် Public Investment Fund (PIF) ဘက်က အခြားဆော်ဒီကလပ်များအတွက် ကစားသမားဝယ်ယူအားဖြည့်ကာ ရင်းနှီးမြှပ်နှံမှု ပြုလုပ်ပေးပြီး Al Nassr အတွက် လုပ်ဆောင်မှုနည်းပါးမှုအပေါ် ဒေါသထွက်နေတာလည်း ဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ မန်နေဂျာဂျော့ဂျီးဆပ်စ်မှာ ယခုဆောင်းရာသီ အပြောင်းအရွှေ့တွင် ကစားသမားအားဖြည့်မှုများ ပြုလုပ်ပေးရန် တောင်းဆိုခဲ့ပေမယ့် အသက် ၂၁ နှစ်ရှိ အီရတ်အလယ်တန်းကစားသမားဟေဒါးအက်ဒူကာရမ်းတစ်ဦးတည်းသာ အားဖြည့်ပေးခြင်းခံရမှုအပေါ် စောစကတက်ထားပါတယ်။
တဖက်တွင် Public Investment Fund (PIF)ဟာ ၎င်းတို့ပိုင် အခြားအသင်းတစ်သင်းဖြစ်တဲ့ Al Hilal အတွက် ဖီအိုရင်တီးနားမှ အာဆင်နယ်နောက်ခံလူဟောင်းပါဘလိုမာ၊ ရန်းနက်စ်မှ ကာဒါမီတီကို ပေါင် ၂၆ သန်းဖြင့် လည်းကောင်း ခေါ်ယူပေးထားသလို နီယွမ်စတားဆိုင်မွန်ဘူအာဘီကိုလည်း ပေါင် ၂၆ သန်းဖြင့် ခေါ်ယူရန် ဆွေးနွေးနေပါသေးတယ်။
ပြီးခဲ့တဲ့လတုန်းက Al Nassr နည်းပြဂျီးဆပ်စ်က Al Nassr မှာ သူ ယခင် ကိုင်တွယ်ခဲ့တဲ့ Al Hilal ကဲ့သို့ နိုင်ငံရေးပါဝါကြီးမားတဲ့ ကလပ်မဟုတ်ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။
ရော်နယ်ဒိုရဲ့ အခင်ဆုံးသူငယ်ချင်းများဖြစ်ကြတဲ့ ဆီမာအိုကော်တင်ဟို(အားကစားဒါရိုက်တာ)၊ ဟိုဆေးဆီမီဒို(စီအီးအို)တို့မှာ Al Nassr ဘုတ်အဖွဲ့တွင် တာဝန်ထမ်းဆောင်နေပေမယ့်လည်း ၎င်းတို့နှစ်ဦးမှာလည်း လုပ်ပိုင်အခွင့်အပြည့်အဝ ရရှိထားကြခြင်း မရှိပါဘူး။

image