မီးရှူး လက်အတွင်း ပေါက်ကွဲကာ လက်ချောင်းများ ဆုံးရှုံးခဲ့ရတဲ့ အင်တာမီလန်ပရိသတ်
စနေနေ့ညတုန်းက အိမ်ရှင်ခရီမိုနက်စ်အသင်းဂိုးသမားအီမေးလ်အူဒီရိုအနီးတွင် မီးရှူးပေါက်ကွဲမှု ဖြစ်ပွားပြီး တုန်လှုပ်စရာ အဖြစ်အပျက် ကြုံခဲ့ပါတယ်။
ဒါပေမယ့် အင်တာမီလန်ပရိသတ်တစ်ဦးဟာ နောက်ထပ် မီးရှူးပေါက်ခွဲစဉ် လက်အတွင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားကာ လက်ချောင်းများ ဆုံးရှုံးလိုက်ရပြီး ဆေးရုံသို့ ပို့ခဲ့ရကြောင်း သိရပါတယ်။
အဆိုပါပွဲအပြီးတွင် အင်တာမီလန်ကစားသမားများဟာ ပရိသတ်များရဲ့ အကြမ်းဖက်တဲ့ လုပ်ရပ်အား ဆန့်ကျင်တဲ့အနေဖြင့် Curva Nord ပွဲကြည့်စင်သို့ လက်ခုပ်တီးနှုတ်ဆက်ရန် မသွားခဲ့ကြပါဘူး။
ယင်းပွဲစဉ်ရဲ့ ဒုတိယပိုင်း ၃ မိနစ်နှင့် ၁၂ စက္ကန့်အချိန်တွင် ခရီမိုနက်စ်ဂိုးသမားအီမေးလ်အူဒီရိုအနီးတွင် မီးရှူးပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီတုန်းက အင်တာတွင် အငှားဖြင့် လာကစားဖူးတဲ့ အူဒီရိုဟာ မီးရှူးပေါက်ကွဲမှုကြောင့် ကွင်းမြက်ခင်းသို့ လဲကျသွားခဲ့ပြီး အမြင်အာရံဝေဝါးမှု ဖြစ်သွားခဲ့ပါတယ်။
ချက်ချင်းဆိုသလို ကွင်းအတွင်းသို့ ဆေးဘက်ဆိုင်ရာအဖွဲ့ဝင်များ ရောက်လာပြီး ဂိုးသမားကို အကူအညီပေးခဲ့ကြပါတယ်။
အထက်ပါ လုပ်ရပ်အား ပရိသတ်အုပ်စုက ပြုလုပ်ခြင်း မဟုတ်ဘဲ တစ်ဦးတစ်ယောက်တည်းက လုပ်ဆောင်ခဲ့တာပါ။ ယင်းပရိသတ်ဟာ နောက်ထပ်တစ်ကြိမ် မီးရှူးဖောက်ခွဲချိန်မှာတော့ လက်အတွင်းတွင်ပင် မတော်တဆ ပေါက်ကွဲမှု ဖြစ်ကာ လက်ချောင်း ၂ ချောင်း သို့မဟုတ် ၃ ချောင်းဆုံးရှုံးသွားရကြောင်း Corriere della Sera က ဖော်ပြသွားပါတယ်။
ယင်းပရိသတ်အတွက် ပိုပြီးတော့ ဆိုးရွားသွားတာက ဒဏ်ရာရရှိနေချိန်တွင် အခြားအင်တာမီလန်ပရိသတ်များရဲ့ ထိုးကြိတ်မှုလည်း ခံခဲ့ရတာပါ။ နောက်ပိုင်းတွင် သူ့ကို ရဲတပ်ဖွဲ့အစောင့်အကြပ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရပါတယ်။
သူဟာ ဆေးရုံတွင် ဆေးကုသမှု ခံယူပြီးပါက ဖမ်းဆီးထိန်းသိမ်းခြင်းခံရမယ်လို့ ယုံကြည်ရပါတယ်။
မနေ့ညက ပွဲစဉ်တွင် အင်တာမီလန်ဟာ လူသာရိုမာတီနက်ဇ်၊ ဇီလင်းစကီးတို့ရဲ့ ဂိုးဖြင့် ခရီမိုနက်စ်အား ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။