1 ပတ် - ဘာသာပြန်ပါ။

ဝိန်းရွန်းနီနှင့် သီယာရီဟင်နရီတို့ရဲ့ ပရီးမီးယားလိဂ်စံချိန်ကို ရိုက်ချိုးကာ စံချိန်သစ် ရေးထိုးလာတဲ့ မိုဟာမက်ဆာလက်
====================

မိုဟာမက်ဆာလက်ဟာ အန်ဖီးလ်ကွင်းတွင် နယူးကာဆယ်အား ဂိုးပြတ် အနိုင်ရတဲ့ပွဲတွင် ခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက် ယူနိုက်တက်ဂန္ထဝင်ဝိန်းရွန်းနီနှင့် အာဆင်နယ်ဂန္ထဝင်သီယာရီဟင်နရီတို့ရဲ့ စံချိန်များကို ကျော်ဖြတ်ကာ စံချိန်သစ် ရေးထိုးလာပါတယ်။
ဆာလက်ဟာ နယူးကာဆယ်နှင့်ပွဲမှာ ဂိုးပေါက်တော့ ရှာမတွေ့ခဲ့ပါဘူး။ သူဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဂိုးပေါက် မတွေ့ထားပေမယ့်လည်း အရန်ခုံမှာတော့ ထိုင်မနေရတော့ပါဘူး။
အသက် ၃၃ နှစ်ရှိ အီဂျစ်စူပါစတားဟာ အသင်းတာဝန်ရှိသူများနှင့် နည်းပြဆလော့တို့ကို လူသိရှင်ကြား ဝေဖန်ခဲ့ပြီးတဲ့နောက် အီဂျစ်နှင့်အတူ အာဖရိကဖလားပြိုင်ပွဲ သွားရောက် ကစားခဲ့ပါတယ်။
သူဟာ အာဖရိကဖလားပြိုင်ပွဲအပြီးတွင် စိတ်သစ်လူသစ်ဖြင့် အန်ဖီးလ်သို့ ပြန်လည် ရောက်လာခဲ့ပြီးနောက် အန်းဆလော့ရဲ့ ပွဲထွက်လူစာရင်းတွင် ပြန်လည်ပါဝင်လာခဲ့ပါတယ်။
သူဟာ နယူးကာဆယ်နှင့်ပွဲစဉ်တွင် ဟူဂိုအီကီတီကီ ဂိုးသွင်းနိုင်အောင် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ဘက်တစ်သင်းကို ၁၀ ဂိုးသွင်းထားသလို ၁၀ ကြိမ် ဖန်တီးမှုပြုလုပ်ထားနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာပါတယ်။
ဒါ့အပြင် သူဟာ ပရီးမီးယားလိဂ်တွင် အိမ်ကွင်းမှာ ဂိုးနှင့် ဖန်တီးမှု အများဆုံး ပြုလုပ်ထားနိုင်တဲ့သူအဖြစ်လည်း ရွန်းနီနှင့် ဟင်နရီတို့ရဲ့ စံချိန်ကို ကျော်ဖြတ်လာပါတယ်။
သူဟာ အန်ဖီးလ်သွင်းဂိုး ၁၀၇ ဂိုး၊ ဖန်တီးမှု ၄၅ ကြိမ်တို့ဖြင့် ဂိုးရရှိရာတွင် ပါဝင်မှု ၁၅၂ ကြိမ်ဖြင့် ဝိန်းရွန်းနီရဲ့ အိုးထရက်ဖို့ဒ်မှတ်တမ်း၊ သီယာရီဟင်နရီရဲ့ ဟိုက်ဘူရီမှတ်တမ်းတို့အား‌ ကျော်ဖြတ်ကာ မှတ်တိုင်သစ် စိုက်ထူလာပါတယ်။
ဆာလက်ဟာ လီဗာပူးနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူ ဖြစ်ပြီး စာချုပ်ကုန်ဆုံးတဲ့အထိ ဆက်ရှိလာပါက အန်ဖီးလ်မှတ်တမ်းများ ပိုမို ရေးထိုးလာပါဦးမယ်။

image