1 ပတ် - ဘာသာပြန်ပါ။

ပဲလေ့စ်ရဲ့ သေချာပေါက် ချေပဂိုးအား လက်ဖြင့် ပုတ်ထုတ်ခဲ့တဲ့ နီကိုဝီလီယမ်ကို နော်တင်ဟမ်ဖောရက်စ် အရေးယူမည်မဟုတ်

နော်တင်ဟမ်ဖောရက်စ်နည်းပြရှောင်ဒိုက်ချီက ခရစ္စတယ်ပဲလေ့စ်နှင့် သရေကျတဲ့ပွဲစဉ်တွင် ပြိုင်ဘက်ရဲ့ သေချာပေါက်ချေပဂိုးအား လက်ဖြင့် ပုတ်ထုတ်မှုကြောင့် အနီကတ်ပြခံရတဲ့အပြင် ပင်နယ်တီပေးရစေခဲ့တဲ့ နီကိုဝီလီယမ်အား အရေးယူမှု ပြုလုပ်သွားမှာ မဟုတ်ကြောင်း ပြောကြားလာပါတယ်။
တနင်္ဂနွေနေ့ညတုန်းက City Ground တွင် ကစားတဲ့ ပွဲစဉ်တွင် နော်တင်ဟမ်ဖောရက်စ်တို့ မော်ဂန်ဂစ်ဘ်ဝှိုက်ရဲ့ ပွဲအစပိုင်း ဂိုးဖြင့် ဦးဆောင်နေချိန် ပထမပိုင်းပြီးခါနီးတွင် နီကိုဝီလီယမ်ဟာ ထောင့်ကန်ဘောမှ တဆင့် ဂျက်ဖာဆင်လာမာရဲ့ ချေပဂိုးရရန် သေချာနေတဲ့ ခေါင်းတိုက်ချက်အား ဂိုးစည်းပေါ်မှ လက်ဖြင့် ပုတ်ထုတ်ခဲ့ပါတယ်။
ယင်းဖြစ်ရပ်ကြောင့် နီကိုဝီလီယမ်ဟာ ဒိုင်လူကြီးမိုက်ကယ်ဆာလစ်ဘူရီရဲ့ တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရသလို ပင်နယ်တီလည်း ပေးခဲ့ရပါတယ်။ ပဲလေ့စ်ဟာ ယင်းပင်နယ်တီမှတဆင့် အစ္စမိုင်လာဆားရဲ့ ချေပဂိုးဖြင့် ချေပဂိုး ရရှိခဲ့ပါတယ်။
ပရိသတ်များဟာ ပြိုင်ဘက်အား တစ်ယောက်အသာဖြင့် ကစားရစေတဲ့အပြင် ပင်နယ်တီပါ ပေးရစေတဲ့ လုပ်ရပ်အတွက် နီကိုဝီလီယမ်အား အရေးယူရန် တောင်းဆိုခဲ့ကြပါတယ်။
ဒါပေမယ့် ဖောရက်စ်နည်းပြရှောင်ဒိုက်ချီက "နီကိုဘက်က အလိုအလျှောက်တုံ့ပြန်သွားတာလို့ ထင်တယ်။ ဒါနဲ့ပတ်သက်ပြီး သူ့ကို မေးခွန်းထုတ်လာမှာ မဟုတ်ပါဘူး။ သူနဲ့ပတ်သက်ပြီး အများကြီးလည်း ပြောစရာ မရှိပါဘူး။ ဒါက အဖြစ်အပျက်တွေထဲက တစ်ခုပါ။ သူက အလိုအလျှောက်တုံ့ပြန်မိသွားတာပါ။ သူ ခေါင်းတိုက်တာပဲလေ။ မမီဘူး။ လက်နဲ့ သွားတားတယ်။ ကျွန်တော်တို့ အားလုံး စည်းမျဉ်းကို သိကြပါတယ်"လို့ ဆိုသွားပါတယ်။
နီကိုဝီလီယမ်ဟာ ယင်းအနီကတ်ပြစ်ဒဏ်ကြောင့် တစ်ပွဲပယ်ပြစ်ဒဏ်ကျခံလာရဦးမှာ ဖြစ်ပြီး လာမယ့် စနေနေ့ လိဒ်နှင့်ပွဲစဉ်ကို လွဲချော်လာပါဦးမယ်။

image