အိန္ဒိယမှတစ်ဆင့် အခြားနေရာများသို့နီပါးရ်ဗိုင်းရပ်စ်ကူးစက်နိုင်ခြေနည်းပါးကြောင်း WHO သုံးသပ်
အိန္ဒိယနိုင်ငံမှတစ်ဆင့် အခြားနေရာများသို့ နီပါးရ်ဗိုင်းရပ်စ်ကူးစက်နိုင်ခြေမှာ အလားအလာ နည်းပါးကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇန်နဝါရီ ၃၀ ရက်တွင်သတင်း ထုတ်ပြန်ထားသည်။
WHO တာဝန်ရှိသူများ၏ အဆိုအရ အိန္ဒိယနိုင်ငံအနောက်ဘင်ဂေါလ်ပြည်နယ်၌ နီပါးရ် ဗိုင်းရပ်စ် ကူးစက်ခံထားရသူများနှင့် ကိုယ်လက်ထိတွေ့မှုရှိခဲ့သူ ၁၉၀ ကျော်တို့တွင်လည်း နီပါးရ်ဗိုင်းရပ်စ်ကူးစက်မှုမရှိခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၌ နီပါးရ်ဗိုင်းရပ်စ်ကူးစက်မှု ငါးမှုအတည်ပြုနိုင်ခဲ့ပြီးနောက် ဟောင်ကောင်၊ မလေးရှား၊စင်ကာပူ၊ထိုင်းနှင့်ဗီယက်နမ်အပါအဝင်အာရှနိုင်ငံအများအပြားသည်နီပါးရ်ဗိုင်းရပ်စ်ကူးစက်မှုတားဆီးရေးအတွက် လေဆိပ်များ၌ ကိုဗစ်(၁၉)ကာလ ကျန်းမာရေးစစ်ဆေးမှုအစီ အမံများ ပြန်လည်ကျင့်သုံးလျက်ရှိသည်။
သို့ရာတွင် အိန္ဒိယနိုင်ငံမှတစ်ဆင့် နီပါးရ်ဗိုင်းရပ်စ်ဆက်လက်ပျံ့နှံ့နိုင်ခြေမှာ လက်ရှိ အနေအထားအရနည်းပါးကြောင်း WHO က သုံးသပ်ထားသည်။
အလားတူလူတစ်ဦးမှတစ်ဦးသို့နီပါးရ်ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်မှုနှင့်ပတ်သက်၍သက်သေအထောက်အထားများကိုလည်း မတွေ့ရသေးကြောင်း WHO တာဝန်ရှိသူများကပြောကြားသည်။
နီပါးရ်ဗိုင်းရပ်စ်သည် လင်းနို့နှင့် ဝက်ကဲ့သို့သော သက်ရှိများမှတစ်ဆင့် လူသားများထံ ကူးစက်နိုင်ပြီး ယင်းဗိုင်းရပ်စ်ကူးစက်ပါက အပြင်းဖျားခြင်း၊ ဦးနှောက်ရောင်ရမ်းခြင်းများ ဖြစ်ပွားတတ်သည်။
လက်ရှိအချိန်တွင် နီပါးရ်ဗိုင်းရပ်စ်ရောဂါအတွက် ကုထုံးမရှိသေးဘဲ ကာကွယ်ဆေးများ ထုတ် လုပ်နိုင်ရေးအတွက်သာ ကြိုးပမ်းနေရဆဲဖြစ်သည်။