2 ပတ် - ဘာသာပြန်ပါ။

ပုလော ရှပ်ပုံစံပြရွာမှာ မီးလောင်မှုကြောင့် အိမ် ၄၅ အိမ်ထက်မနည်း မီးထဲပါသွား

တနင်္သာရီတိုင်း ၊ ပုလောမြို့နယ်၊ ရှပ်ပုံစံပြရွာမှာ ဇန်နဝါရီ ၃၁ ရက်နေ့ ၊ နေလယ်ပိုင်းကနေ ညအထိ လောင်ကျွမ်းခဲ့တဲ့ မီးကြောင့် နေအိမ် ၄၅ အိမ်ထက်မနည်း မီးလောင် ပျက်စီးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရှပ်ပုံရွာမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ကျေးရွာဒေသခံတချို့က စစ်ရှောင်နေရချိန်မှာ နေအိမ်တွေ မီးလောင်ခဲ့ရတာ ဖြစ်ကြောင်း ၊ မီးလောင်မှုကို မီးသတ်ဌာနမှ လာရောက်ငြိမ်းသတ်နိုင်ခြင်း မရှိခဲ့တဲ့အတွက် ရွာဒေသခံတွေသာ စုပေါင်း မီးငြိမ်းခဲ့ရပြီး မီးလောင်ချိန်ကြာမြင့်ကာ မီးကူးစက်မှု များတဲ့အတွက် အိမ်ခြေအများအပြား မီးလောင်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
" အိမ်ခြေ ၄၅ မီးလောင်ရှိတယ်။ ဖျက်ခံရတဲ့အိမ်လည်း ပါတယ်။မီးက ည၁၂ နာရီအထိ လောင်ခဲ့တယ်။ ရွာမှာ အရင်ရက်တွေက ထိတွေ့တိုက်ပွဲရှိတယ်။ မနေ့ကတော့ မရှိဘူး ။မီးသတ်ကား မလာနိုင်တော့ ရွာကလူတွေကပဲ အရဲစွန့်ပြီး မီးငြိမ်းရတာပါ။ ရွာမှာက နှစ်ဖက်ခွဲပြီး နေရာယူထားတာ ။ အခုဖြစ်တဲ့ မီးလောင်တဲ့နေရာက လူတွေမရှိဘူး ။တိုက်ပွဲကြောင့် ရှောင်နေရတာ ၁၅ ရက်လောက်ရှိပြီ ။ခုရက်မှာ တိုက်ပွဲငြိမ်လို့ဆိုပြီး လူနည်းနည်းပြန်ဝင်လာကြတာ ။ရှိတဲ့သူတွေပဲ စုပြီး သွားငြိမ်းရတာ။ရွာမှာရှိတဲ့ ထော်လာဂျီတွေ ဘေးတွဲတွေနဲ့ရေသယ်ပြီး ဝိုင်းငြိမ်းရတာ ။ " လို့ ဒေသခံက ပြောပါတယ်။
လက်ရှိ ရှပ်ပုံရွာမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိပေမယ့် ရရွာရဲ့ အရှေ့ဘက်ခြမ်းမှာ အစိုးရတပ်တွေက နေရာယူထားပြီး ရွာရဲ့အနောက်ခြမ်းမှာ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့တွေက နေရာယူထားတာ ဖြစ်တယ်လို့ သိရပါတယ်။
ရှပ်ပုံရွာ နေအိမ်တွေ မီးလောင်မှုနဲ့ အခြေအနေ ပတ်သက်ပြီး မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းအရင်းကိုတော့ အတိအကျ မသိရှိရသေးပါဘူး ။
လက်ရှိမှာတော့ မီးလောင်ကျွမ်းမှုကြောင့် အိုးအိမ်မဲ့ ဖြစ်သွားပြီး ဒုက္ခရောက်နေရတဲ့ ရှပ်ပုံရွာ မီးဘေးသင့် ဒေသခံတွေကို ကူညီဖို့အတွက် ထိုင်းရောက်နေတဲ့ ပုလောမြို့နယ်သူ မြို့နယ်သားတွေက စီစဥ်နေကြတယ်လို့ သိရပါတယ်။

image