2 ပတ် - ဘာသာပြန်ပါ။

CDM တွေကို အမည်မည်းစာရင်း ကနေ ပယ်ဖျက်ပေးမှာဖြစ်လို့ ဆက်သွယ်လာဖို့ အစိုးရ ထပ်မံအသိပေး

လုပ်ငန်းခွင်ကိုစွန့်ပြီး CDM လုပ်သွားတဲ့ ဝန်ထမ်းတွေကို ပြစ်မှုကျူးလွန်ခြင်းမရှိပါက အမည်မည်းစာရင်း Black Lists ကနေပယ်ဖျယ်ပေးမှာဖြစ်လို့ တာဝန်ထမ်ဆောင်ခဲ့တဲ့ သက်ဆိုင်ရာဌာနကို သတင်းပေးပို့ ဆက်သွယ်ကြဖို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇန်နဝါရီ ၃၁ ရက်နေ့မှာ
ထပ်မံ အသိပေးထားပါတယ်။
ဒါကြောင့် CDM လုပ်သွားတဲ့ ဝန်ထမ်းတွေအနေနဲ့ ရောက်ရှိနေတဲ့ နေရာမှာ ယခင်တာဝန် ထမ်းဆောင်ခဲ့တဲ့ ဌာနရဲ့ ရုံးတွေကို လည်းကောင်း၊ နီးစပ်ရာမြို့နယ်ခွဲ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကို လည်းကောင်း၊ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံး နဲ့ ကောင်စစ် ဝန်ချုပ်ရုံး​တွေကို ဖြစ်စေ ပြန်လည်သတင်းပေးပို့ ဆက်သွယ်ကြဖို့ ထုတ်ပြန်ထားပါတယ်။
အဲဒီလို ဆက်သွယ်လာသူတွေကိုမှ စိစစ်ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိတဲ့ ဝန်ထမ်း နဲ့ ပြစ်မှုကျူးလွန်ပြီး ပြစ်ဒဏ်ကျခံပြီးသော်လည်း Black Lists ဝင်နေသူတွေကို အမည်မည်းစာရင်း (Black Lists) မှ ဖြေလျှော့ပေးနေတာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီအပေါ် CDM ပြုလုပ်ထားတဲ့ ပညာရေးဝန်ထမ်း တယောက်က
" CDM လုပ်ထားတာကြာတော့ ဌာနပြန်ဝင်ဖို့က မရဲဘူးဖြစ်နေတယ်။ ဌာန နဲ့ အိမ်နဲ့က အနီးလေးဆိုတော့ အရင်က အလုပ်လုပ်တုန်းကဆို အဆင်ပြေတယ်။ စားစရိတ် ၊ လမ်းစားရိတ်တကူးတက မကုန်ဘူးပေါ့။ CDM လုပ်လိုက်ပြီးတော့ မြို့ပေါ်မှာ အလုပ်တခု ရလို့ဝင်လုပ်တယ်။ ရတဲ့လစာနဲ့က မပြေပါဘူး ။ နယ်မြို့ဆိုတော့ တလမှ ၁၈၀၀၀၀ လောက်ရတယ်။ ဆိုင်ကယ် ဆီဖိုး ၊ထမင်းချိုင့်ထုတ်ရ နဲ့ တွက်ကြည့်ရင် တရက်မှ ၆၀၀၀ ရတာ။ အဲဒါကို တနေကုန် မြို့ထဲ ပတ်နေရတာ များတယ် ။ ခက်ခဲပါတယ်။ အဲဒါနဲ့ ဟိုအလုပ်ပြောင်း ဒီအလုပ်ပြောင်းနဲ့ အဆင်မပြေဘူး ။အကြွေးတွေ တင်ခဲ့တယ်။ နောက်တော့ ထိုင်းကို အောက်လမ်းကနေ လင်မယားနှစ်ယောက် ထွက်ခဲ့တယ်။အဲဒါလည်း မပြေလို့ အခုရွာပြန်ရောက်နေတယ်။ CDM မလုပ်တော့ဘဲ အလုပ်ပြန်လုပ်ချင်ပေမယ့် ဌာနက အရင် ခေါ်တုန်းက ပြန်မသွားခဲ့တာ ၊ အခုမှတော့ ပြန်မသွားချင်တော့ပါဘူး ။ " လို့ ပြောပါတယ်။
အစိုးရအနေနဲ့ ကတော့ CDM လုပ်ထားသူတွေ အနေနဲ့ သက်ဆိုင်ရာ ဌာနကို ပြန်လည်ဝင်ရောက်ပြီး အလုပ်လုပ်ကိုင်လိုပါက သက်ဆိုင်ရာဌာနကို တရားဝင်ဆက်သွယ်ပြီး အကြောင်းကြားနိုင်ကြောင်းနဲ့ အဲဒီလို ဆက်သွယ်လာမှသာ စိစစ်ပြီး လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ခွင့် ပြုသင့်မပြုသင့်ကို စိစစ်ဆောင်ရွက် ပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ CDM ကနေ Non CDM အဖြစ်ပြောင်းသူတွေ ရှိပေမယ့် သက်ဆိုင်ရာဌာနတွေကို လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်မှုတော့ နည်းတယ်လို့ သိရပါတယ်။
" CDM သာ ခုချိန်ထိ လုပ်ခဲ့မယ်ဆိုရင် ရှိတဲ့ လယ်တွေ ယာတွေပြုတ်တာကြာပြီ။ CDM လုပ်တဲ့သူတွေကိုလည်း အပြစ်မပြောပါဘူး ။ မိသားစုမှာ ကိုယ့်ဝင်ငွေနဲ့ ရပ်တည်နေရရင် CDM လုပ်ဖို့က မလွယ်ပါဘူး။ ရွာဘက်ဖြစ်လို့ အလုပ်အကိုင်က မကောင်းဘူး ။ မြို့ပေါ်အသွားအပြန်နဲ့ အလုပ်လုပ်မယ်ဆိုလည်း ည ၇ နာရီ ၈ နာရီထိ လုပ်ရတော့ အဆင်မပြေဘူး ။ ရတဲ့လစာကလည်း မလောက်ငှဘူး ။ အခုဝန်ထမ်းလစာလည်း ပိုလျှံလားဆိုတော့ မပိုပါဘူး ။ ဒါပေမယ့် ထောက်ပံကြေး နဲ့ လစာပေါင်းရင် သုံးသိန်းကျော်ရတယ် ။ လောက်ရုံပါပဲ ။ ပြေးပြေးလွှားလွှား မလုပ်ရဘူး ။ အသက်ကြီးလာရင် ပင်စင်လစာလေး မျှော်လို့ရတယ်ပေါ့လေ ။ လူတိုင်းမှာ ကိုယ့်အခက်အခဲနဲ့ကိုယ်ပါ ။ခုနောက်ပိုင်းတော့ CDM တွေ အလုပ်ပြန်ဝင်တာ သိပ်မရှိဘူး ။ အရင်ကတော့ ရှိတယ်။ " လို့ CDM လုပ်ပြီးမှ သက်ဆိုင်ရာ ဌာနကို လုပ်ငန်းခွင်ပြန်လည် ဝင်ရောက်လုပ်ကိုင်နေသူ တယောက်က ပြောပါတယ်။
ပြည်ထောင်စုအဆင့်အဖွဲ့အစည်း၊ ပြည်ထောင်စုဝန်ကြီးဌာနတွေက နိုင်ငံ့ဝန်ထမ်း အချို့ဟာ အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက် မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြတဲ့အတွက် သက်ဆိုင်ရာဌာနတွေရဲ့ အမည်မည်းစာရင်းမှာ ပါဝင်နေလို့ နိုင်ငံတော်အတွက် လူသားအရင်းအမြစ်ဆုံးရှုံးမှုများ ဖြစ်ပေါ်တဲ့အပြင် ကာယကံရှင်ရဲ့ လူမှုဘဝလည်း နစ်နာနေရတယ်လို့ အစိုးရဘက်က အသိပေး ပြောဆိုထား ပါတယ်။
ဒါကြောင့် နစ်နာမှုကို ကုစားပေးနိုင်ရေးအတွက် ဝန်ထမ်းတွေကို လုပ်ငန်းခွင်စွန့်ခွာရတဲ့ အကြောင်းခြင်းရာအပေါ်မူတည်ပြီး အမည်မည်းစာရင်း (Black Lists)မှ ပယ်ဖျက် ဖြေလျှော့ပေးပြီး ဥပဒေဘောင်အတွင်း နေထိုင်သွားလာနိုင်အောင် ဆောင်ရွက် ပေးမှာဖြစ်သလို လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်လုပ်ကိုင်လိုပါကလည်း စိစစ်ပြီး လုပ်ကိုင်ခွင့်ပြုပေးနေတယ်လို့ အစိုးရဘက်က မကြာခဏ အသိပေး ထုတ်ပြန်မှုရှိထားပါတယ်။
လုပ်ငန်းခွင်ကို စွန့်ခွာပြီး CDM ပြုလုပ်သွားတဲ့ ဝန်ထမ်းအများစုက ပညာရေးဝန်ကြီးဌာန နဲ့ ကျန်းမာရေးဝန်ထမ်းတွေ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

image