2 ပတ် - ဘာသာပြန်ပါ။

လားရှိုးမှာ အစိုးရတပ်ဖွဲ့နဲ့ MNDAA တပ်ဖွဲ့တို့အကြား နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပေမယ့် မအောင်မြင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမှာ ဇန်နဝါရီ ၃၀ ရက်နေ့က အစိုးရတပ်ဖွဲ့နဲ့ MNDAA တပ်ဖွဲ့တို့အကြား နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပေမယ့် မအောင်မြင်​သေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ကိုးကန့် နဲ့ စစ်တပ် သိန္နီဘက် လမ်းကြောင်း အတွက် ဆွေးနွေးတာ မအောင်မြင်ဘူးလို့ သိရတယ်။ စစ်တပ်ဘက်က သိန္နီ ကနေ မူဆယ် ၁၀၅ မိုင်ဘက် ကုန်သွယ်ရေး လမ်းကြောင်း ဖွင့်ဖို့ ဆွေးနွေးညှိနှိုင်းမယ်လို့ စီစဉ်ထားတယ်လို့ သိရတယ်” လို့ နီးစပ်တဲ့ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းခဲ့ MNDAA ဆုတ်ခွာထားတဲ့ လားရှိုး - သီပေါ လမ်းကြောင်းဘက်မှာလည်း MNDAA တပ်ဖွဲ့ဘက်က နေရာပြန်ယူမယ်လို့ သတင်းတွေ ထွက်ပေါ်နေတယ်လို့ သူက ပြောပါတယ်။
“လားရှိုး ကနေ နမ့်ပေါင် လမ်းဘက် ဟိုယ အထိ ကိုးကန့် တွေပြန်ထိုင်တယ်။ ငွေတော့ အရင်လို မကောက်ဘူး။ ကိုးကန့်တွေ နေရာ ပြန်ယူတဲ့ထဲ သီပေါတံတားတော့ မပါဘူး” လို့ ဒေသခံအမျိုးသား တယောက်ကလည်း ပြော ပါတယ်။
ဒီရက်ပိုင်းအတွင်း နမ့်လန်လမ်း ကားတွေ ဖြတ်သန်းသွားလာမှု အကန့်အသတ် ပြန်လုပ်တာရှိပြီး MNDAA တပ်ဖွဲ့တွေ နေရာပြန်ယူမယ် ဆိုတဲ့ သတင်းထွက်နေတာကြောင့်လို့ ယူဆရကြောင်း ကုန်တင်ယာဉ်မောင်း တယောက်က ပြောပါတယ်။
ဒေသခံတွေနဲ့ ယာဉ်မောင်းတွေကတော့ ရွေးကောက်ပွဲ ပြီးသွားရင် သီပေါတံတားကနေ ဖြတ်သန်းသွားလာခွင့် ရမယ်လို့ မျှော်လင့်ထားကြပေမယ့် လက်ရှိအထိ တံတားကနေ ကား၊ ဆိုင်ကယ်တွေ ပိတ်ထားဆဲဖြစ်ကြောင်း ဒေသခံတွေကပြောပါတယ်။
လားရှိုးမှာ အစိုးရတပ်ဖွဲ့နဲ့ MNDAA တပ်ဖွဲ့တို့အကြား မကြာခဏ တွေ့ဆုံ ဆွေးနွေးတာတွေ ရှိပေမယ့် အခုနောက်ပိုင်း ရလဒ်တွေ၊ ထူးခြားမှုတွေ ရရှိတာ မကြားရပဲ MNDAA ဘက်ကတော့ စစ်သုံ့ပန်းတွေကို ခပ်စိပ်စိပ် လွှတ်ပေးလာတာတွေ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

image