ဘယ်လင်ဂမ်ရဲ့ ဒဏ်ရာအဖြေကို ရီးရဲလ်နှင့် အင်္ဂလန်စောင့်ဆိုင်းနေ
===================
ရီးရဲလ်မက်ဒရစ်ဟာ တနင်္ဂနွေနေ့ညတုန်းက ဗယ်လီကာနိုအား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် တံကောက်ကြောဒဏ်ရာရရှိခဲ့တဲ့ ဂျူ့ဘယ်လင်ဂမ်ရဲ့ ဒဏ်ရာစစ်ဆေးမှု အဖြေအား စောင့်ဆိုင်းနေတုန်း ဖြစ်ပါတယ်။
အသက် ၂၂ နှစ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမားဟာ ဘာနေဗျူးပွဲစဉ်ရဲ့ ပွဲအစ ၁၀ မိနစ်မှာပင် ဒဏ်ရာရရှိကာ ဘရာဟမ်ဒီယာ့ဇ်နှင့် လူစားလဲလှယ်မှု ပြုလုပ်ခဲ့ရပါတယ်။
အင်္ဂလန်ဟာ မတ်လ ၂၇ ရက်နေ့နှင့် မတ်လ ၃၁ ရက်နေ့တို့တွင် ဥရုဂွေး၊ ဂျပန်တို့နှင့် ခြေစမ်းပွဲကစားလာပါမယ်။
ဗယ်လီကာနိုအား အနိုင်ရတဲ့ပွဲအပြီးတွင် ရီးရဲလ်မက်ဒရစ်နည်းပြအာဘီလိုအာက ဘယ်လင်ဂမ်မှာ တံကောက်ကြောဒဏ်ရာရရှိသွားကြောင်း အတည်ပြုသွားပြီး ဒဏ်ရာစစ်ဆေးမှု အဖြေကို စောင့်ဆိုင်းနေရဆဲ ဖြစ်ကြောင်း ဆိုသွားပါတယ်။
အာဘီလိုအာက "ဒါက ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ ဒါပေမယ့် ကျွန်တော်တို့က လူအင်အားတောင့်တင်းတယ်။ လွန်ခဲ့တဲ့တစ်နှစ်ကျော်တုန်းက ဥရောပချန်ပီယံဖြစ်ခဲ့တဲ့ ကစားသမား ၁၇ ဦး ရှိနေသေးတာကို မမေ့ပါနဲ့။ ကျွန်တော်တို့ ဒီအခြေအနေကို ကျော်ဖြတ်သွားမှာပါ"လို့ ပြောကြားသွားပါတယ်။
ဂျူ့ဘယ်လင်ဂမ်ဟာ လာမယ့် အင်္ဂလန်ရဲ့ ဥရုဂွေး၊ ဂျပန်တို့နှင့် ခြေစမ်းပွဲများကို လွဲချော်လာပါက ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းပွဲထွက်လူစာရင်းတွင် ပါဝင်ရန် ခက်ခဲလာပါမယ်။
တူချယ်ဟာ ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုနေတာ ဖြစ်ပြီး ပြီးခဲ့တဲ့လများအတွင်းမှာ ဗီလာရဲ့ မော်ဂန်ရိုဂျာအား အဓိကကွင်းလယ်ဖန်တီးရှင်အဖြစ် အသုံးပြုလာခဲ့တာပါ။
ယခုကဲ့သို့ ဘယ်လင်ဂမ် ဒဏ်ရာရရှိလာမှုက PFA တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုရှင်ရိုဂျာအတွက် အင်္ဂလန်တွင် ပွဲထွက်ကစားသမားနေရာ ရရှိရေး ပိုမိုအခြေအနေကောင်းလာပါတယ်။
ရိုဂျာဟာ စက်တင်ဘာလ၊ အောက်တိုဘာလများတုန်းက ဘယ်လင်ဂမ် မပါဝင်နိုင်စဉ် အင်္ဂလန်အသင်းတွင် အရေးပါတဲ့သူအဖြစ် ကစားခဲ့သူလည်း ဖြစ်ပါတယ်။