ဂျက်ကက်ကို ပေါင်သန်း ၆၀ ဖြင့် ခေါ်ယူရန် လီဗာပူး သဘောတူညီမှု ရရှိ
======================
လီဗာပူးဟာ ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့တွင် ရန်းနက်စ်နောက်ခံလူဂျီရီမီဂျက်ကက်ကို ပေါင်သန်း ၆၀ ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။
အသက် ၂၀ နှစ်ရှိ ဗဟိုနောက်ခံလူဟာ ယခု ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် အန်ဖီးလ်သို့ ရောက်လာဦးမှာ မဟုတ်သေးဘဲ နွေရာသီတွင်မှ ရောက်လာပါမယ်။
လီဗာပူးဟာ ဂျက်ကက်အတွက် ရန်းနက်စ်ကို ပေါင် ၅၅ သန်းပေးလာရမှာ ဖြစ်ပြီး ကျန် ပေါင် ၅ သန်းကို အောင်မြင်မှုအပေါ် မူတည်ပြီး ထပ်မံ ပေးလာရပါမယ်။
လီဗာပူးဟာ ပြင်သစ်ယူ-၂၁ လက်ရွေးစင်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိရေး လုပ်ဆောင်ရဦးမှာ ဖြစ်ပေမယ့် ယင်းမှာ ပြဿနာတစ်ရပ် ဖြစ်လာမယ့် အခြေအနေမှာ မရှိပါဘူး။
လီဗာပူးဟာ ယခုရာသီအကုန်တွင် ပြင်သစ်ဗဟိုနောက်ခံလူအီဘရာဟမ်ကိုနာတေး စာချုပ်သက်တမ်းကုန်ဆုံးလာမှုနှင့်အတူ နွေရာသီတွင် ဗဟိုခံစစ်အား မဖြစ်မနေ အားဖြည့်ရန် လိုအပ်နေပါတယ်။
ဂျက်ကက်ဟာ ရန်းနက်စ်အကယ်ဒမီထွက်တစ်ဦး ဖြစ်ပြီး ယခုရာသီတွင် ၁၈ ပွဲကစားထားကာ ဥရောပထိပ်သီးကလပ်များရဲ့ ပစ်မှတ်ထားခြင်းခံနေရသူလည်း ဖြစ်ပါတယ်။

image