လာလီဂါအား ၄ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်အောင် ဘာစီလိုနာအတွက် ဂိုးသွင်းလာပြန်တဲ့ ရက်ဖို့ဒ်
===================
မားကပ်စ်ရက်ဖို့ဒ်ဟာ စနေနေ့ညတုန်းက အယ်ချီအား အနိုင်ရကာ ဘာစီလိုနာကို လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာ ၄ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်အောင် ကူညီလာပါတယ်။
လက်ရှိချန်ပီယံ ဘာစီလိုနာဟာ ပွဲအစ ၆ မိနစ်မှာ ဒါနီအိုလ်မိုရဲ့ ဖန်တီးမှုကနေ လာမိန်းယာမဲလ်က အယ်ချီဂိုးသမားကို လိမ်ခေါက် သွင်းယူတဲ့ ဂိုးဖြင့် ပွဲကို စောစောစီးစီး ဦးဆောင်နိုင်ခဲ့ပါတယ်။
၁၉၇၄ ခုနှစ်တုန်းက ဘာစီလိုနာကို နောက်ဆုံးအကြိမ် ရှုံးနိမ့်ခဲ့တဲ့ အယ်ချီဟာ ၂၉ မိနစ်မှာ အယ်ဗာရိုရိုဒရီဂွက်ဇ်ရဲ့ ဘာစီလိုနာရဲ့ High Line ကို ကျော်ဖြတ်ပြီး သွေးအေးအေးဖြင့် သွင်းယူတဲ့ ဂိုးဖြင့် ချေပဂိုး ရခဲ့ပါတယ်။
ဒါပေမယ့် ဟန်ဆီဖလစ်ရဲ့ ဘာစီလိုနာဟာ ၁၁ မိနစ်အကြာမှာ ဖရန်ကီဒီယွန်ရဲ့ ခင်းပေးမှုကနေ ဖာရန်တောရက်စ်ရဲ့ အပြင်းကန်ချက်ဖြင့် ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။
ယင်းနောက် ဒုတိယပိုင်းမှာ လူစားဝင်ရောက်လာတဲ့ ရက်ဖို့ဒ်က ပွဲချိန် ၇၂ မိနစ်မှာ ယာမဲလ်ရဲ့ အနိမ့်ဘောပေးပို့မှုကနေ တဆင့် ပိတ်သွင်းကာ ဘာစီလိုနာအတွက် အနိုင်သေချာစေမယ့် တတိယဂိုးအား သွင်းယူခဲ့ပါတယ်။
ဒီဂိုးဟာ ယူနိုက်တက်မှ အငှားဖြင့် လာကစားနေတဲ့ ရက်ဖို့ဒ်ရဲ့ ဘာစီလိုနာအတွက် ၁၀ ဂိုးမြောက်ဂိုးလည်း ဖြစ်ပါတယ်။ သူဟာ ကြားရက်တုန်းက ကိုပင်ဟေဂင်ကို အနိုင်ရတဲ့ ချန်ပီယံလိဂ်မှာလည်း ဂိုးသွင်းနိုင်ခဲ့တာကြောင့် နှစ်ပွဲဆက် ဂိုးသွင်းထားနိုင်ပါတယ်။
ဒီနိုင်ပွဲကြောင့် ဘာစီလိုနာဟာ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၁၆ ပွဲမှာ ၁၅ ပွဲအထိ အနိုင်ရထားသလို ဒုတိယနေရာမှ ရီးရဲလ်မက်ဒရစ်ကိုလည်း ဖိအားပေးလာနိုင်ပါတယ်။
ရီးရဲလ်မက်ဒရစ်က ယနေ့ညမှာ ဒေသတွင်းပြိုင်ဘက် ဗယ်လီကာနိုအား ဘာနေဗျူးမှာ ဧည့်ခံကစားရပါမယ်။

image