1 ရက် - ဘာသာပြန်ပါ။

အအေးဒဏ်ကြောင့်ကိဗ်ကိုတိုက်ခိုက်မှုရပ်ရန်ပူတင်သဘောတူ--ထရမ့်ပ်

မော်စကို၏ တိုက်ခိုက်မှုများကြောင့် အအေးလွန်ကဲသောကာလအတွင်း သန်းနှင့်ချီသော လူများ၏ အိမ်များ၌ အပူပေးစက်များပြတ်တောက်သွားခဲ့သဖြင့် ကိဗ်နှင့် အခြားယူကရိန်းမြို့ကြီးများအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်ထားရန် သူ၏ ပုဂ္ဂိုလ်ရေးအရတောင်းဆိုခဲ့ခြင်းကို ရုရှားသမ္မတ ဗလာဒီမာပူတင်က သဘောတူခဲ့သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
ယူကရိန်း၏ လျှပ်စစ်ဓာတ်အား အခြေခံအဆောက်အဦ များကို ရုရှားက တိုက်ခိုက်ခဲ့မှုကြောင့် လျှပ်စစ်မီး၊ အပူပေးစနစ်နှင့် ရေထောက်ပံ့‌ ရေးစနစ်များ ပြတ်တောက်ခဲ့ပြီး အပူချိန်များထိုးကျနေသောကာလတွင် စစ်ဒဏ်ခံနေရသောနိုင်ငံသည် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းအသစ်ကို ရင်ဆိုင်နေရသည်။
အပစ်အခတ်ရပ်စဲမှုနှင့် ပတ်သက်၍ ခရမ္မလင်က လတ်တလောတွင် အတည်ပြုပြောကြားခြင်းမျိုးမရှိသေးသော်လည်း ယူကရိန်းသမ္မတ ဇလန်းစကီးကမူ ထရမ့်ပ်ကို ကျေးဇူးတင်ကြောင်းနှင့် တိုက်ခိုက်မှုများ ရပ်တန့်သွားရေးအတွက် ဝါရှင်တန်ကို သူ အားကိုး ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
“အအေးဒဏ်ကြောင့်၊ အရမ်းအေးလွန်းတာကြောင့် ဒီအတောအတွင်းမှာ ကိဗ်နဲ့ မြို့ကြီး၊ မြို့ငယ်တွေကို တစ်ပတ်ကြာလောက် ပစ်တာခတ်တာတွေ မလုပ်ဖို့ သမ္မတပူတင်ကို ပုဂ္ဂိုလ်ရေးအရ တောင်းဆိုခဲ့ပါတယ်” ဟု အိမ်ဖြူတော်တွင်ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် ထရမ့်ပ်က ပြောကြားခဲ့သည်။
ယခုကဲ့သို့ သော အအေးဒဏ်မျိုးကို ၎င်းတို့မကြုံဖူးခဲ့ကြကြောင်း၊ ထို့ကြောင့် ကိဗ်နှင့် အခြားမြို့များကို သီတင်းတစ်ပတ်ကြာ မပစ်ခတ်ရန် ပူတင်ကို သူ တောင်းဆိုခဲ့ကြောင်းနှင့် ပူတင်ကလည်း သဘောတူပေးခဲ့ကြောင်း ထရမ့်ပ်က ပြောဆိုခဲ့သည်။
ယူကရိန်းအာဏာပိုင်များက ဝန်ဆောင်မှုများပြန်လည်ရရှိရန် အပူတပြင်းကြိုးပမ်းလျက်ရှိပြီး လာမည့်ရက်များအတွင်း အပူချိန်သည် အနုတ် ၃၀ ဒီဂရီစင်တီဂရိတ်အထိ သိသိသာသာကျဆင်းသွားမည်ဟု ယူကရိန်း အစိုးရမိုးလေဝသအေဂျင်စီက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

image