5 ရက် - ဘာသာပြန်ပါ။

ချန်ပီယံလိဂ်မှ ထွက်ခဲ့ရပြီးနောက် ထုတ်ပယ်ခံရမယ့်အရေးနှင့် ရင်ဆိုင်နေရတဲ့ ယူနိုက်တက်ပစ်မှတ်နည်းပြ
====================
ရောဘတ်တိုဒီဇာဘီဟာ ချန်ပီယံလိဂ်မှ ထွက်ခဲ့ရပြီးနောက် ထုတ်ပယ်ခြင်းမခံရမီ ရာထူးမှ နုတ်ထွက်ခွင့်ရန် တောင်းဆိုခြင်းခံလာရကြောင်း သိရပါတယ်။
အသက် ၄၆ နှစ်ရှိ ဘရိုက်တန်နည်းပြဟောင်းရောဘတ်တိုဒီဇာဘီဟာ ၂၀၂၄ ခုနှစ်တုန်းက အဲရစ်တန်ဟက် ထုတ်ပယ်ခြင်းမခံရမီကတည်းက ယူနိုက်တက်နည်းပြရာထူးအတွက် သတင်းထွက်လာခဲ့သူ ဖြစ်ပါတယ်။
သူဟာ ရူဘင်အမိုရမ် ထုတ်ပယ်ခံလာရချိန်တွင် မိုက်ကယ်ကာရစ်အား ရာသီအကုန်အထိ ခန့်အပ်ထားပေမယ့်လည်း နွေရာသီတွင် ယူနိုက်တက်အမြဲတမ်းနည်ပြအဖြစ် ခန့်အပ်ခြင်းခံရရန် ရေပန်းစားနေပါတယ်။
ဒါပေမယ့် ရောဘတ်တိုဒီဇာဘီဟာ မကြာမီကာလအတွင်းတွင် အလုပ်လက်မဲ့ ဖြစ်ပြီး ယူနိုက်တက်အား ကိုင်တွယ်ရန် ပိုမိုအခြေအနေကောင်းလာမယ့် အခြေအနေမှာ ရှိနေပါတယ်။
Foot Mercato က အီတလီလူမျိုးနည်းပြဟာ ဗုဒ္ဓဟူးနေ့ညတုန်းက ချန်ပီယံလိဂ်မှ ထွက်ခဲ့ရပြီးနောက် ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခြင်းခံခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ယင်းသတင်းဌာနကပင် ရောဘတ်တိုဒီဇာဘီမှာ မနုတ်ထွက်ပါက ထုတ်ပယ်ခြင်းခံရနိုင်တဲ့ အန္တရာယ်တွင် ရှိနေကြောင်း ဖော်ပြသွားပါတယ်။
မာဆေးဟာ ကလပ်ဘရုဂျက်အား ၃-၀ ဂိုးဖြင့် အံ့ဩသင့်ဖွယ်ရှုံးနိမ့်ကာ ပလေးအော့ဖ်နေရာနှင့် လွဲခဲ့တာလည်း ဖြစ်ပါတယ်။
ရောဘတ်တိုဒီဇာဘီဟာ မနက်ဖြန် စနေနေ့တွင် ပဲရစ်အက်ဖ်စီနှင့် ရင်ဆိုင်ကစားရမှာ ဖြစ်ပေမယ့်လည်း ကြာသပတေးနေ့က အသင်းကို လေ့ကျင့်ခန်းပင် ပြုလုပ်ခြင်း မရှိကြောင်း သိရပါတယ်။
ဒီဇာဘီဟာ ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်းတွင် ဆက်စ်ဆူလိုအား အောင်မြင်စွာ ကိုင်တွယ်ပြီးနောက် ရှက်တာဒိုးနက်စ်အား တစ်နှစ်ကိုင်တွယ်ခဲ့ကာ ဘရိုက်တန်အား ကလပ်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အဆင့် ၆ နေရာမှာ ရပ်တည်ကာ ဥရောပဝင်ခွင့်ရအောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။
သူဟာ ဘရိုက်တန်ကို နှစ်နှစ်ခန့်သာ ကိုင်တွယ်ပြီး စာချုပ်ဖျက်သိမ်းကာ ၂၀၂၄ ခုနှစ်တွင် မာဆေးအား ကိုင်တွယ်ခဲ့ပါတယ်။
တကယ်လို့များ ရောဘတ်တိုဒီဇာဘီသာ ထုတ်ပယ်ခြင်းခံလာရပါက ယူနိုက်တက်အနေဖြင့် သူ့အား ခန့်အပ်လာချိန်တွင် နစ်နာကြေးပေးလာရမှာ မဟုတ်ပါဘူး။
ရောဘတ်တိုဒီဇာဘီရဲ့ အခြေအနေကို စောင့်ကြည့်နေတာ ယူနိုက်တက်တစ်သင်းတည်း မဟုတ်ပါဘူး။ စပါးစ်ဟာလည်း လိဂ်တွင် အခြေအနေမကောင်းမှုကြောင့် သောမတ်စ်ဖရန့်အား ထုတ်ပယ်လာပါက ရောဘတ်တိုဒီဇာဘီအား ခန့်အပ်ရန် လျာထားပါသေးတယ်။

image