ချန်ပီယံလိဂ်ရှုံးထွက်ပလေးအော့ဖ်အဆင့်တွင် ဘင်ဖီကာနှင့် ရီးရဲလ်မက်ဒရစ် ထပ်မံ ဆုံတွေ့
===================
ဘင်ဖီကာဟာ ချန်ပီယံလိဂ်လိဂ်အဆင့် နောက်ဆုံးပွဲစဉ်တွင် ဆုံတွေ့ပြီးနောက် သုံးပတ်အကြာ ပလေးအော့ဖ်တွင် ရီးရဲလ်မက်ဒရစ်နှင့် ထပ်မံ ရင်ဆိုင်လာရပါမယ်။
ဗုဒ္ဓဟူးနေ့တုန်းက မော်ရင်ဟိုရဲ့ဘင်ဖီကာဟာ အချိန်ပို ၉၈ မိနစ်တွင် ဂိုးသမားအန်တိုလီထရူဘင်ရဲ့ ခေါင်းတိုက်ဂိုးဖြင့် စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်အား ၄-၂ ဖြင့် အနိုင်ရရှိကာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရေး ပလေးအော့ဖ်ကစားခွင့်ရလာခဲ့တာလည်း ဖြစ်ပါတယ်။
နယူးကာဆယ်အသင်းမှာလည်း ချန်ပီယံလိဂ်အမှတ်ပေးဇယားတွင် အဆင့် ၁၂ နေရာမှာသာ ရပ်တည်ရပြီးနောက် ပလေးအော့ဖ်တွင် ကွာရာဘတ်နှင့် ရင်ဆိုင်လာရပါမယ်။
လက်ရှိချန်ပီယံ ပီအက်စ်ဂျီမှာလည်း လီဂူး ၁ ပြိုင်ဘက် မိုနာကိုနှင့် ရင်ဆိုင်ကစားရပါမယ်။
ချန်ပီယံလိဂ် လိဂ်အဆင့်တွင် အဆင့် ၉ မှ ၂၄ အတွင်း ရပ်တည်တဲ့အသင်းများမှာ ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်ရောက်ရေး နှစ်ကျော့ကစားရမှာ ဖြစ်ပါတယ်။ ပလေးအော့ဖ်ပထမအကျော့ပွဲစဉ်ကို ဖေဖော်ဝါရီလ ၁၇ နှင့် ၁၈ ရက်တို့တွင် ကစားလာမှာ ဖြစ်ပြီး ဒုတိယအကျော့ကို နောက်တစ်ပတ်တွင် ကစားလာပါမယ်။
ဒါ့အပြင် အင်တာမီလန်မှာ ဘိုဒို/ဂလမ့်နှင့်လည်းကောင်း၊ ဂျူဗင်တပ်မှာ ဂါလာတာစာရေးနှင့်လည်းကောင်း၊ အက်သလက်တီကိုမက်ဒရစ်မှာ ကလပ်ဘရုဂျက်နှင့်လည်းကောင်း၊ ဒေါ့မွန်မှာ အတ္တလန္တာနှင့်လည်းကောင်း၊ အိုလံပီယာကို့စ်မှာ လေဗာကူဆင်နှင့်လည်းကောင်း ရင်ဆိုင်ကစားရပါမယ်။
ချန်ပီယံလိဂ်ဗိုလ်လုပွဲအား မေလ ၃၀ ရက်နေ့တွင် ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်ရှိ Puskas Arena တွင် ကစားလာပါမယ်။