ရာသီဥတုကြောင့် ယနေ့ည လိဒ်နှင့်ပွဲအတွက် ပြင်ဆင်မှုအပေါ် ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရတဲ့ အာဆင်နယ်
======================
အာဆင်နယ်ရဲ့ စနေနေ့ည လိဒ်နှင့်ပွဲစဉ်အတွက် ပြင်ဆင်မှုမှာ ရာသီဥတုကြောင့် ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရပါတယ်။
မီခေးလ်အာတီတာရဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲပျောက်မှုအား လိဒ်နှင့်ပွဲတွင် အဆုံးသတ်ရန် စိတ်အားထက်သန်နေခဲ့ပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက အမ်းမရိတ်တွင် ယူနိုက်တက်အား ၃-၂ ဖြင့် ရှုံးနိမ့်ပြီးနောက် ဒုတိယနေရာမှ မန်စီးတီးကို ၄ မှတ်တည်းသာ ဖြတ်ကာ ဇယားထိပ်မှာ ဦးဆောင်ထားနိုင်ပါတယ်။
ဒါပေမယ့် အာဆင်နယ်ဟာ ရာသီဥတုဆိုးရွားမှုကြောင့် ခရီးစဉ် အပြောင်းအလဲ ပြုလုပ်ခဲ့ရကာ ပွဲအတွက် ပြင်ဆင်မှုအား များစွာရိုက်ခတ်မှု ကြုံလာရပါတယ်။
အာဆင်နယ်ဟာ အစောပိုင်းတုန်းက မြောက်ပိုင်းသို့ လေယာဉ်ဖြင့် သွားရန် စီစဉ်ထားခဲ့တာပါ။
ဒါပေမယ့် ယော့ခ်ရှိုင်းယားတွင် မြူများ ဆိုးရွားစွာ ကျဆင်းနေမုနှင့်အတူ အာဆင်နယ်ဟာ နောက်ဆုံးအချိန်ကျမှ အပြောင်းအလဲ ပြုလုပ်ခဲ့ရပါတယ်။
အာဆင်နယ်ဟာ သောကြာနေ့တုန်းက နေ့လည်ပိုင်းတွင် လိဒ်သို့ လေယာဉ်ဖြင့် သွားရန် စီစဉ်ထားခဲ့တာပါ။
ယင်းအစီအစဉ်အရ လန်ဒန်မှ လိဒ်-ဘရက်ဖို့ဒ်သို့ တိုက်ရိုက်လေယာဉ်စီးနင်းသွားမှာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အာဆင်နယ်ဟာ ရာသီဥတုဆိုးရွားနေမှုကြောင့် လေယာဉ်ခရီးစဉ်ကို ဖျက်သိမ်းပြီး ဘတ်စ်ကားဖြင့် ခရီးသွားခဲ့ရပါတယ်။
အာဆင်နယ်ဟာ မိုင်ပေါင်း ၁၈၀ ကို သုံးနာရီကျော်ကြာ ခရီးနှင်ခဲ့ရပါတယ်။ ယင်းအချိန်မှာ ယာဉ်ကြောပိတ်မှုကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားတဲ့ M1 လမ်းတွင် ယာဉ်ကြောမပိတ်ဆို့လျှင် ကြာမြင့်မယ့်အချိန် ဖြစ်ပါတယ်။ ယာဉ်ကြောပိတ်ပါက ထိုထက် ကြာနိုင်ပါသေးတယ်။
အာဆင်နယ်ဟာ ခရီးစဉ် အပြောင်းအလဲ ပြုလုပ်ခဲ့ရပေမယ့်လည်း မက်စ်ဒေါ်မန်း က လွဲပြီးကျန်ကစားသမားအားလုံးဖြင့် လိဒ်ကို ရင်ဆိုင်လာပါမယ်။
ဒဏ်ရာကြောင့် နားနေရတဲ့ ကိုင်ဟာဗတ်ဇ်နှင့် ရီကာဒိုကာလာဖီအိုရီတို့မှာ ကိုင်ရက်နိုင်ပွဲတွင် ပါဝင်ကစားပြီးနောက် လိဒ်နှင့်ပွဲတွင် ပါဝင်လာကြမှာ ဖြစ်ပါတယ်။

image