ဗီလာတိုက်စစ်မှူးဂူးစ်ဆန်းအား ပဲလေ့စ် အငှားဖြင့် ခေါ်ယူလာ
===================
ခရစ္စတယ်ပဲလေ့စ်ဟာ အက်စတွန်ဗီလာတိုက်စစ်မှူးအီဗန့်ဂူးစ်ဆန်းအား ရာသီအကုန်တွင် အပြီးသတ် ခေါ်ယူနိုင်မယ့် အချက်ဖြင့် အငှားဖြင့် ခေါ်ယူလာပါတယ်။
အိုင်ဗရီကို့စ်လက်ရွေးစင်တိုက်စစ်မှူးဟာ နွေရာသီတုန်းက နိုက်စ်မှ ဗီလာသို့ ပေါင် ၂၆ သန်းဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပြီး ပြိုင်ပွဲအရပ်ရပ် ၂၁ ပွဲကစားထားရာမှာ ၂ ဂိုးသွင်းထားပါတယ်။
ဂူးစ်ဆန်းဟာ ဆောင်းရာသီတွင် တမ်မီအေဘရာဟမ် ရောက်လာမှုနှင့်အတူ တတိယဦးစားပေးတိုက်စစ်မှူး ဖြစ်လာမှုနှင့်အတူ ပဲလေ့စ်သို့ ပြောင်းရန် ဆုံးဖြတ်လာတာလည်း ဖြစ်ပါတယ်။
ပဲလေ့စ်ဟာ ယခုဆောင်းရာသီတွင် အသင်းခေါင်းဆောင်မာ့ခ်ဂူဟီအား မန်စီးတီးသို့ ပေါင်သန်း ၂၀ ဖြင့် ရောင်းချထားသလို တိုက်စစ်မှူးမာတီတာမှာလည်း အသင်းပြောင်းရန် ကြိုးပမ်းနေမှုနှင့်အတူ ဂူးစ်ဆန်းအား ခေါ်ယူလာတာပါ။
ဒါ့အပြင် ခရစ္စတယ်ပဲလေ့စ်ဟာ အပြောင်းအရွှေ့ဈေးကွက် မပိတ်မီ ခံစစ်ကို အားဖြည့်နိုင်ရေးအတွက် အချိန်ပြည့် အလုပ်လုပ်နေပါတယ်။
ဂူးစ်ဆန်းဟာ ၂၀၂၄-၂၅ ရာသီတုန်းက နိုက်စ်အတွက် လီဂူး ၁ တွင် ၁၂ ဂိုးသွင်းယူကာ ဥရောပဝင်ခွင့်ရရှိအောင် ကူညီပြီးနောက် နိုက်စ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သူ ဖြစ်ပါတယ်။