တရုတ်နှင့် ဗြိတိန်တို့ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများရှာဖွေ

ဗြိတိန်ဝန်ကြီးချုပ် ကီးယား စတာမာ သည် ရှစ်နှစ်အတွင်း ဗြိတိန်ခေါင်းဆောင်တစ်ဦး၏ ပထမဦးဆုံးသော ခရီးစဉ်အဖြစ် ပေကျင်းမြို့၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ကြာသပတေးနေ့က ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် ပြုလုပ်သည့် တွေ့ဆုံပွဲအပြီး၌ ခေါင်းဆောင်နှစ်ဦးသည် ပိုမိုနီးကပ်သော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ရန် သဘောတူခဲ့ကြပါသည်။
"ဗြိတိန်နဲ့ တရုတ်တို့ဟာ ရေရှည်တည်တံ့ပြီး ခိုင်မာဘက်စုံတဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး လိုအပ်တယ်ဆိုတာကို ကျွန်တော် အစဉ်တစိုက် ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်" ဟု စတာမာက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
တွေ့ဆုံစဉ်အတွင်း စတာမာက ခေါင်းဆောင်နှစ်ဦးအနေဖြင့် "ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်ရန်သာမက သဘောထားကွဲလွဲသည့် ကိစ္စရပ်များတွင်လည်း အဓိပ္ပာယ်ရှိသော ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်" မျှော်လင့်ကြောင်း ရှီကျင့်ဖျင် ကို ပြောကြားခဲ့သည်။
"ရာသီဥတုပြောင်းလဲမှုနဲ့ ကမ္ဘာကြီးအတွက် စိန်ခေါ်မှုတွေရှိနေတဲ့ အချိန်မှာ ကမ္ဘာ့တည်ငြိမ်ရေးလို ကိစ္စရပ်တွေမှာ အတူတကွ ပူးပေါင်းဆောင်ရွက်တာဟာ ကျွန်တော်ဖော်ပြခဲ့တဲ့အတိုင်း ဆက်ဆံရေးတည်ဆောက်ရာမှာ ကျွန်တော်တို့ လုပ်ဆောင်သင့်တဲ့အရာ ဖြစ်ပါတယ်" ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ရှီကျင့်ဖျင်ကလည်း ရှုပ်ထွေးလျက်ရှိသည့် နိုင်ငံတကာအခြေအနေများကြားတွင် ပိုမိုကောင်းမွန်သော ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
“ကောင်းမွန်တဲ့အရာတွေဟာ အခက်အခဲတွေနဲ့အတူ လာတတ်ပါတယ်။ နိုင်ငံနဲ့ ပြည်သူတွေရဲ့ အခြေခံအကျိုးစီးပွားနဲ့ ကိုက်ညီတဲ့ မှန်ကန်တဲ့အရာ ဖြစ်နေသရွေ့ ခေါင်းဆောင်တွေအနေနဲ့ အခက်အခဲတွေကို ရှောင်လွှဲမှာမဟုတ်ဘဲ ရဲရဲဝံ့ဝံ့ ရှေ့ဆက်သွားကြမှာပါ” ဟု ရှီကျင့်ဖျင်က ဆိုသည်။
တရုတ်နိုင်ငံက ဗြိတိန်ကိုလိုနီဟောင်းဖြစ်သော ဟောင်ကောင်တွင် ၂၀၁၉ ခုနှစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအပြီး နိုင်ငံရေးအရ နှိမ်နင်းမှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ဗြိတိန်နှင့် တရုတ် ဆက်ဆံရေးမှာ အေးစက်ခဲ့သည်။ ထို့ပြင် ဗြိတိန်နိုင်ငံသားဖြစ်သူ ဒီမိုကရေစီလိုလားသည့် မီဒီယာသူဌေးကြီး ဂျင်မီလိုင် ကို ဟောင်ကောင်၌ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ စွဲချက်များဖြင့် တရားစွဲဆိုထားမှုကိုလည်း ဗြိတိန်အစိုးရက ဝေဖန်ခဲ့သည်။
ယခုခရီးစဉ်သည် သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်သော အမေရိကနှင့် ဗြိတိန်တို့ကြား တင်းမာနေသော ဆက်ဆံရေး၏ အရိပ်အယောင်များလည်း လွှမ်းမိုးနေသည်။ ရှီကျင့်ဖျင်နှင့် တွေ့ဆုံပြီးနောက်တွင် အင်္ဂလိပ်ရေလက်ကြားအတွင်း လူကုန်ကူးမှုပြဿနာကို ဖြေရှင်းရန် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗြိတိန်က ကြေညာခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ်နှင့်အတူ အိတ်ချ်အက်စ်ဘီစီ၊ ဗြိတိန်အဲဝေး၊ အက်စရာဇန်နီကာ နှင့် ဂျီအက်ကေ အပါအဝင် ဗြိတိန်စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းပေါင်း ၅၀ နီးပါးမှ ကိုယ်စားလှယ်အဖွဲ့လည်း လိုက်ပါလာပြီး ရှန်ဟိုင်းမြို့တွင် တရုတ်နှင့် ဗြိတိန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရန် ရှိကြောင်း သိရသည်။

image