4 ရက် - ဘာသာပြန်ပါ။

ထိုင်းကို တရားမဝင် ဝင်ရောက်ဖို့ကြိုးစားတဲ့ မြန်မာလုပ်သား ၁၀၀ ကျော် ဖမ်းဆီးခံရပြန်

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့အတွက် နယ်စပ်ကနေ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသား ၁၁၂ ယောက်ကို ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်နေ့ မနက်ပိုင်းမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ် ။
မြန်မာလုပ်သားတွေကို ကားသုံးစီးနဲ့ တင်ဆောင်လာတာဖြစ်ပြီး ထိုင်း-မြန်မာ နယ်စပ် ၊ ကန်ချနဘူရီခရိုင် ၊ သောင်ဖာမြို့နယ်မှာ ဒီကနေ့ မနက် ၂ နာရီလောက်က ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
" ပစ်ကပ်ကားသုံးစီးနဲ့ တင်လာတာလို့ သိရတယ် ။ ဖမ်းမိတဲ့အထဲ ကလေးတွေလည်း ပါတာတွေ့ရတယ်။ တချို့က မိသားစုလိုက်တွေ အကုန်လာကြတာ ။ ခုလိုဖမ်းမိသွားတော့ ငွေလည်းကုန် လူတွေလည်းဖမ်းခံရ ။အကုန်ဒုက္ခရောက်တာပေါ့။ သူတို့တွေ တရားမဝင် ဝင်ရောက်မှုနဲ့ အမှုဖွင့်ခံရမှာ ။ ခုရက်တွေ ဒီမှာတောင် အဖမ်းဆီးကြမ်းနေတာကို ပွဲစားစကားကို ယုံပြီး တက်လာနေကြတာ ။ အုပ်စုလိုက်တွေလာရင် မိတာများပါတယ် ။ မလာကြပါနဲ့ ။ ဖြစ်ရင်ဘယ်သူမှ မကယ်နိုင်ဘူး ။ " လို့ မြန်မာလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသူ တယောက်က ပြောပါတယ်။
အဆိုပါ ဖမ်းဆီးရမိခဲတဲ့ မြန်မာလုပ်သားတွေဟာ ထိုင်းနိုင်ငံ နဲ့ မလေးရှားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ကြမှာ ဖြစ်ပြီး ထိုင်းကို တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်ခွင့်ရရှိဖို့အတွက် ပွဲစားကို ဘတ် ၂၀၀၀၀ မှ ၃၀၀၀၀ အထိ ပေးဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
ဇန်နဝါရီလ၂၂ ရက် နေ့ကလည်း ထိုင်းကို နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၂ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးမှုရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ထိုင်းအာဏာပိုင်တွေက နယ်စပ်လမ်းကြောင်းကနေ ထိုင်းကို တရားမဝင် ဝင်ရောက်ဖို့ကြိုးစားတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးမှုတွေပြုလုပ်နေသလို ထိုင်းနိုင်ငံတွင်းမှာ ရောက်ရှိပြီး အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေထဲက အထောက်အထားမပြည့်စုံတဲ့ တရားမဝင်လုပ်သားတွေကိုပါ ရှာဖွေဖမ်းဆီးမှုတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့က ထိုင်းနိုင်ငံ ၊စမွတ်ပရာကန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံသားတွေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပဋိပက္ခ အခြေအနေ အပြီး နောက်ပိုင်းမှာ ထိုင်းအစိုးရက ရွှေ့ပြောင်း အလုပ်သမားတွေကို အရှိန်မြှင့် စစ်ဆေးဖမ်းဆီးမှုတွေ လုပ်ဆောင်လာတာ ဖြစ်သလို နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေကိုပါ တင်းကျပ်စွာ စစ်ဆေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၈ ရက်နေ့က ၊ ထိုင်းနိုင်ငံ ၊ ချွန်ဘူရီခရိုင်ထဲက တရုတ်ပိုင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်ပြီး စစ်ဆေးခဲ့ရာ မြန်မာလုပ်သား ၂၇ ယောက်မှာ အလုပ်လုပ်ကိုင်ခွင့် မရှိဘဲ ဥပဒေချိုးဖောက် အလုပ်လုပ်ကိုင်နေတယ်ဆိုပြီး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
" အဖမ်းဆီးကြမ်းနေလို့ အလုပ်နဲ့ အိမ်ပဲ ။ဘယ်နေရာမှ မသွားရဲဘူး ။ အရင်လူစည်တဲ့ နေရာတွေတောင် ခြောက်ကပ်နေတယ် ။ အခုက အလုပ်ဆိုက်တွေ နေတဲ့ အခန်းတွေထိကို ဝင်ဖမ်းနေတာ ။ " လို့ ထိုင်းရောက် မြန်မာလုပ်သားက ပြောပါတယ်။
မြန်မာလုပ်သားတွေအနေနဲ့ ထိုင်းနိုင်ငံကို နယ်စပ် ဝင်‌ပေါက်တွေဖြစ်‌တဲ့ မြဝတီ - မဲ‌ဆောက်လမ်း‌ကြောင်း၊ ဘုရားသုံးဆူ - ကန်ချဘူရီလမ်း‌ကြောင်း၊ ‌မော‌တောင် နယ်စပ်လမ်း‌ကြောင်းနဲ့ တာချီလိတ် - မယ်ဆိုင် အစရှိတဲ့ နယ်စပ်ဝင်‌ပေါက် လမ်း‌ကြောင်းတွေကတဆင့် တရားမဝင် ဝင်ရောက်နေကြတာဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း ‌နေ့စဉ်လိုလို အဖမ်းအဆီး ခံ‌နေရတယ်လို့ သိရပါတယ်။
ဒီနှစ် ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ မှာတင် ထိုင်းကို နယ်စပ်ကနေ တရားမဝင် ဝင်ရောက်ဖို့ကြိုးစားခဲ့တဲ့ မြန်မာနိုင်ငံသား အယောက် ၅၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

image