တောင်သူတွေ စပါးရာသီမှာ အရှုံးပေါ်ခဲ့သလို မတ်ပဲရာသီမှာလည်း အရှုံးနဲ့ဆက်ရင်ဆိုင်ရဖွယ်ရှိ

နေပြည်တော် ဇေယျာသီရိမြို့နယ် တဝိုက်ကကျေးရွာ​တွေမှာရှိတဲ့ တောင်သူတွေအနေနဲ့ ပြီးခဲ့တဲ့ စပါးစိုက်ရာသီမှာအရှုံးပေါ်ခဲ့တဲ့အပြင် အခုလက်ရှိစိုက်ပျိုးထားတဲ့ မတ်ပဲပင်တွေသေဆုံးမှုတွေရှိနေတာကြောင့် အရှုံးနဲ့ ဆက်ပြီးရင်ဆိုင်ရဖို့ အခြေအနေဖြစ်ပေါ်နေတယ်လို့
​တောင်သူ​တွေက​ပြောပါတယ်။
ရန်ကုန်မန္တ​လေးလမ်းဘေးဝဲယာမှာ စိုက်ပျိုးထားတဲ့ မတ်ပဲပင်​တွေသေနေတဲ့အတွက် အဲ့ဒီမတ်ပဲခင်းတွေထဲမှာ လုပ်ကိုင်နေကြတဲ့ တောင်သူတွေကို မေးမြန်းခဲ့တာကနေ သိရတာပါ။
"စပါးရှုံးရတဲ့အကြောင်းက လွန်ခဲ့တဲ့တစ်ရာသီကျော်လောက်စပါး ၁၀၀ ကို ၂၀ သိန်း ၂၂ သိန်းအထိ ရောင်းရပါတယ် ပြီးခဲ့တဲ့နှစ်နွေရာသီတုန်းက ၁၅ သိန်းမိုးရာသီကျတော့ ၁၀ သိန်း စျေးပဲပေါက်တဲ့အတွက် ကိုယ့်အတွက်မကျန်တော့ရှုံးတာပဲပေါ့ဗျာ"လို့ တောင်သူ တယောက်ကပြောပါတယ်။
အခုလက်ရှိ မတ်ပဲစိုက်ပျိုးထားတဲ့ အဲ့ဒီမြို့နယ်ထဲက အခင်းတွေရဲ့အခြေအနေတွေကတော့ တစ်ချို့အခင်းတွေဆို အခင်းလိုက် မတ်ပဲပင်တွေသေနေတာတွေ့ရတဲ့အပြင် တချို့အခင်းတွေမှာတော့ ကွက်တိကွက်ကြား မတ်ပဲ​ပင်တွေသေနေတာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
"မတ်ပဲ တစ်ဧကအတွက် ထွန်ယက်ခက အနည်းဆုံးနှစ်ကြိမ်ပေါ့ တကြိမ်ကို ခုနှစ်သောင်းခွဲ မျိုးစေ့က တတင်းကို တသိန်း ၊ပိုးမကျအောင် ဆေးဖြန်းတဲ့ ဆေးဖိုးတွေနဲ့ဆို တဧကအတွက်တွက်ကြည့်ပေါ့ဗျာ ကျွန်တော်ဆို ငါးဧကစိုက်ထားတာ အများကြီးဆုံးရှုံးရမှာပါ" လို့ အိုင်စောက်ကျေးရွာက မတ်ပဲ​တောင်သူတယောက်ကပြောပါတယ်။
အဲ့ဒီလို တောင်သူတွေကြုံနေရတဲ့အခြေအနေကြောင့်ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူးကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
"မတ်ပဲစိုက်ချိန်နောက်ကျရင်လည်းဖြစ်ထွန်းမှုနည်းပါးတဲ့အပြင် ပြီးခဲ့တဲ့နှစ်က ရာဂီမုန်တိုင်းကြောင့် နုံးတင်သွားတဲ့အတွက် အပေါ်မြေနဲ့အောက်မြေမဆက်မိဘူးပေါ့။ နုံးထုကရိုးရိုးမြေလိုမဟုတ်ပဲ ကျစ်နေတော့ ရေဖြန်းပေးရင်တော့မဆိုးဘူး ခုကအစိုဓာတ်မမြဲတော့တာပေါ့။ နောက်ပြီး မတ်ပဲစိုက်တဲ့နှစ်တွေများလာတော့ အပင်ခြောက်တွေကျန်တယ်လေ အဲ့ဒီကရောဂါတွေအခံရှိတာလည်း ပါပါတယ်" လို့ ဇေယျာသီရိ စိုက်ပျိုးရေးဌာန ဦးစီးမှူးက ဆိုတဲ့အပြင် "တောင်သူတွေကသီးနှံစျေးကောင်းရင်တော့ ကြိုးစားပမ်းစားလုပ်တယ်ပေါ့ဗျာ စပါးမှာရှုံးထားလိုက်တော့ မတ်ပဲကို ဆေးခုနှစ်ကြိမ်လောက်ဖြန်းရမှာကို သုံးကြိမ်လောက်ပဲဖြန်းတော့တယ် ပြောရရင်သီးနှံပေါ်မှာသူတို့ဂရုစိုက်မှုနည်းသွားလို့ပေါ့ဗျာ" လို့ ဦးစီးမှူးက ဖြေကြားပါတယ်။
ဇေယျာသီရိမြို့နယ်ထဲကကျေးရွာ ၁၃ ရွာမှာ ပြီးခဲ့တဲ့၂၀၂၄-၂၂၅ ကမတ်ပဲ ၁၀၃၆၉ ဧက စိုက်ပျိုးခဲ့တာမှာ စိုက်ဧကအတိုင်းရိတ်သိမ်းနိုင်ခဲ့တယ်လို့ သိရပြီးတော့ အထွက်နှုန်း ၂၂.၈၀ ရှိတယ်လို့သိရပြီးမတ်ပဲတင်းရေက ၂၃၆၄၄၇ တင်း ထွက်ရှိခဲ့ပြီး အခု ၂၀၂၅-၂၀၂၆ မှာစိုက်ပျိုးဧက ၉၀၂၀ ဧကစိုက်ပျိုးထားတယ်လို့ သိခဲ့ရပါတယ်။

image