ယူအီးအက်ဖ်အေရဲ့ လူသိနည်းတဲ့ စည်းမျဉ်းကြောင့် ချန်ပီယံလိဂ်ရှုံးထွက်အဆင့် အိမ်ကွင်းပွဲစဉ်အား ကြားကွင်းမှာ ကစားလာရဖို့ ရှိနေတဲ့ ချဲလ်ဆီး
======================
ချဲလ်ဆီးဟာ ယူအီးအက်ဖ်အေရဲ့ လူသိနည်းတဲ့ စည်းမျဉ်းကြောင့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်တွင် အိမ်ကွင်းအားသာချက်အား လက်လွှတ်လာရဖို့ ရှိနေပါတယ်။
လီယမ်ရိုဆင်နီယာဦးဆောင်တဲ့ ချဲလ်ဆီးဟာ နည်းပြဟောင်းအန်တိုနီယိုကွန်တီ ဦးဆောင်တဲ့ နာပိုလီကို ၃-၂ ဖြင့် အနိုင်ယူကာ သူ့လက်ထက် အကောင်းဆုံးနိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။
ချဲလ်ဆီးဟာ နာပိုလီနိုင်ပွဲကြောင့် ချန်ပီယံလိဂ်အမှတ်ပေးဇယားအဆင့် ၆ နေရာမှာ ရပ်တည်ကာ ၁၆ သင်း ရှုံးထွက်အဆင့်သို့ တိုက်ရိုက်တက်ရောက်နိုင်ခဲ့ပါတယ်။
ချဲလ်ဆီးဟာ ပြုပြင်ပြောင်းလဲမှု ပြုလုပ်လာတဲ့ စည်းမျဉ်းအရ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ဒုတိယအကျော့ကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားလာရမှာ ဖြစ်ပြီး နယူးကာဆယ် (သို့မဟုတ်) လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီနှင့် ရင်ဆိုင်လာဖို့ ရှိနေပါတယ်။
ဒါပေမယ့် ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းအရ မြို့တစ်မြို့တွင် ပွဲတစ်ပွဲတည်းကိုသာ လက်ခံကစားရမှာ ဖြစ်တာကြောင့် ချဲလ်ဆီးမှာ အိမ်ကွင်းပွဲစဉ်အား ကြားကွင်းတွင် ကစားရမယ့်ကိန်းဆိုက်နေပါတယ်။
ချဲလ်ဆီးရဲ့ လန်ဒန်ပြိုင်ဘက်များဖြစ်ကြတဲ့ အာဆင်နယ်နှင့် စပါးစ်တို့မှာလည်း အဆင့် ၁ နှင့် အဆင့် ၄ နေရာတို့မှာ ရပ်တည်ကာ ရှုံးထွက်အဆင့်သို့ တိုက်ရိုက်တက်ရောက်ထားကြပါတယ်။
ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်များကို မတ်လ ၁၇ နှင့် ၁၈ ရက်တို့မှာ ကစားလာပါမယ်။
ချဲလ်ဆီးဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်မတိုင်မီ ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းနှင့်အညီ ကောင်းမွန်တဲ့ ကွင်းလုံခြုံရေး ရရှိရေးအတွက် မီထရိုပိုလီတန်ရဲတပ်ဖွဲ့အပြင် အခြားလန်ဒန်အာဏာပိုင်များနှင့် ဆွေးနွေးလာရပါမယ်။
ချဲလ်ဆီးနှင့် စပါးစ်တို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ်များအား တစ်နေ့တည်းတွင် အိမ်ကွင်းအတူတူ လက်ခံကျင်းပလာခဲ့ကြဖူးပါတယ်။
ဒါပေမယ့် ယူအီးအက်ဖ်အေစည်းမျဉ်းအရ ကီလိုမီတာ ၅၀ (မိုင် ၃၀)အတွင်း မြို့ (သို့မဟုတ်) တူညီတဲ့ မြို့၊ တူညီတဲ့ ကွင်းတို့တွင် တစ်နေ့တည်း နှစ်ပွဲကစားခွင့် မရှိပါဘူး။
တကယ်လို့များ ယင်းသို့ ပြဿနာကြုံလာပါက လိဂ်အဆင့်တွင် အဆင့်နိမ့် ရပ်တည်တဲ့အသင်းက ကြားကွင်းကို အသုံးပြုရမယ်လို့ ယူအီးအက်ဖ်အေစည်းမျဉ်းက ဆိုထားပါတယ်။
ယခု ချဲလ်ဆီးနှင့် စပါးစ်တို့အကြား အကာအဝေး မိုင် ၂၀ ဝန်းကျင်မျှသာ ကွာဝေးနေမှုနှင့်အတူ ပြဿနာတက်နေပါတယ်။
တဖက်တွင် အထက်ပါပြဿနာ မကြုံရရေး ရှောင်လွဲရန်အတွက် ချဲလ်ဆီးရဲ့ ပွဲအား ကြာသပတေးနေ့သို့ ရွေ့ဆိုင်းမှုလည်း ပြုလုပ်လာနိုင်ပါတယ်။ ချဲလ်ဆီးရဲ့ ပွဲအား ကြာသပတေးနေသို့ ရွှေ့ဆိုင်းလာပါကလည်း ယူရိုပါလိဂ်နှင့် ကွန်ဖရင့်လိဂ် ရုပ်သံထုတ်လွှင့်မှုများအပေါ်တွင်လည်း များစွာ ရိုက်ခတ်မှု ရှိလာပါမယ်။

image