ကွာရာဘတ်နှင့်ပွဲတွင် ဖရမ်းပေါင် ဒဏ်ရာရရှိကာ လီဗာပူးရဲ့ ဒဏ်ရာပြဿနာ ပိုမိုကြီးထွားလာ
==================
ကွာရာဘတ်အား အနိုင်ရတဲ့ပွဲတွင် ဂျီရီမီဖရမ်းပေါင် နောက်ထပ် တံကောက်ကြောဒဏ်ရာထပ်မံ ရရှိလာမှုနှင့်အတူ လီဗာပူးရဲ့ ဒဏ်ရာပြဿနာပိုမိုကြီးထွားလာပါတယ်။
တောင်ပံခံစစ်သမားဟာ အန်ဖီးလ်တွင် ကစားတဲ့ ချန်ပီယံလိဂ် လိဂ်နောက်ဆုံးပွဲစဉ်ရဲ့ ပွဲအစ ၄ မိနစ်မှာပင် ဒဏ်ရာရရှိကာ လူစားလဲလှယ်ခဲ့ရပါတယ်။
အသက် ၂၅ နှစ်ရှိ ဖရမ်းပေါင်ဟာ ဘယ်သူနှင့်မျှ ထိခိုက်မှု မရှိဘဲ ဘောလုံးရရှိရေး ပြေးလွှားစဉ် တံကောက်ကြောဒဏ်ရာရရှိသွားတာလည်း ဖြစ်ပါတယ်။
ဒတ်ချ်ကစားသမားဟာ ခြေထောက်ကို ကိုင်ကာ နာကျင်စွာ ကွင်းအတွင်းလဲကျနေခဲ့ပြီး ဆေးဘက်ဆိုင်ရာအဖွဲ့ဝင်များ ကွင်းအတွင်း အမြန်ဆုံးဝင်ရောက်လာကာ အကူအညီပေးခဲ့ကြပါတယ်။
လေဗာကူဆင်ကစားသမားဟောင်းဟာ ယခုရာသီတွင် တတိယအကြိမ်မြောက် တံကောက်ကြောဒဏ်ရာရရှိလာတာလည်း ဖြစ်ပါတယ်။
ကစားဖော်ဒိုမီနစ်ခ်ဆိုဘိုဆလိုင်းက ဒဏ်ရာအခြေအနေ ဆိုးရွားကြောင်း သိရပြီးနောက် အရန်ခုံသို့ လူစားလဲလှယ်ရန် အချက်ပြခဲ့ပါတယ်။
အန်းဆလော့ဟာ ဖရမ်းပေါင်နေရာတွင် ဝါတာရူအန်ဒိုအား လူစားလဲလှယ်ခဲ့ပါတယ်။
လီဗာပူးဟာ ဂျိုးဂိုမက်ဇ် ဒဏ်ရာရရှိနေမှု၊ အီဘရာဟမ်ကိုနာတေးမှာ ဖခင်နာရေးကိစ္စကြုံနေမှုကြောင့် ကွာရာဘတ်နှင့်ပွဲတွင် အလယ်တန်းကစားသမားဂရာဗန်ဘစ်ချ်အား ဗဟိုခံစစ်တွင် ဗန်ဒိုက်နှင့်တွဲ အသုံးပြုခဲ့ရပါတယ်။
ဒါ့အပြင် ညာနောက်ခံလူကော်နာဘရက်ဒလေမှာလည်း ဒဏ်ရာကြောင့် အနားယူနေရပါတယ်။
လီဗာပူးဟာ မနေ့ညတုန်းက ကွာရာဘတ်အား အလက်ဆစ်မက်အယ်လစ်စတာ(၂)၊ ဖလိုရီယန်ဝါ့ဇ်၊ မိုဟာမက်ဆာလက်၊ ဟူဂိုအီကီတီကီ၊ ချီယေဆာတို့ရဲ့ သွင်းဂိုးတွေနဲ့ ၆-၀ ဖြင့် အနိုင်ရရှိကာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်သို့ တိုက်ရိုက်တက်ရောက်နိုင်ခဲ့ပါတယ်။