ဇော်လေးနိုင် ဇာတ်အဖွဲ့ကား ချောက်ထဲကျလို့ ၁၂ ယောက်သေ ၊ ဒဏ်ရာရသူများပြား

နေပြည်တော် ၊ တပ်ကုန်းကို ဇာတ်ကဖို့သွားတဲ့ " ဇော်လေးနိုင် " ဇာတ်သဘင်အဖွဲ့ကား တိမ်းမှောက်ပြီး ၁၂ ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ များပြားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
ဇန်နဝါရီ ၂၈ ရက်နေ့ ၊ ညနေ ၆ နာရီကျော်လောက်မှာ ဇာတ်အဖွဲ့ကားဟာ တောင်ညိုလမ်းပိုင်းမှာ ချောက်ထဲကျကာ တိမ်းမှောက်ခဲ့တာ ဖြစ်ကြောင်း ၊ လက်ရှိမှာ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ကာ ကုသမှု ပေးနေတယ်လို့ သိရပါတယ်။
" နေပြည်တော် အမြန်လမ်းမိုင်တိုင် ၂၂၀ လမ်းခွဲကနေ ၁၀ မိုင်ကျော်ပဲရှိတယ်။ ဖြစ်တာက အဲဒီနားမှာ ဖြစ်တာ။ ၁၂ ယောက်ဆုံးတယ်။ အခြေအနေ အရမ်းဆိုးတယ်။ ဒီမနက်မှ ထပ်သိရတာ နောက်ထပ် သုံးယောက်ထပ်ဆုံးတယ် သတင်းကြားလို့ အတည်ပြုဖို့ စုံစမ်းနေတယ် ။ အဲဒီ တောင်ညို လမ်းပိုင်းကလည်း ဆိုးတယ်။ " လို့ နေပြည်တော်အခြေစိုက် သဗ္ဗသုခအသင်း တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ ဇာတ်အဖွဲ့ကားပေါ်မှာ လူ ၂၇ ယောက်လိုက်ပါလာတာ ဖြစ်ကြောင်း ၊ တောင်တွင်းကြီးမြို့ကနေ တပ်ကုန်းမြို့နယ်ကို ဇာတ်ကဖို့ သွားရောက်စဥ် လမ်းမှာ တိမ်းမှောက်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
ဇော်လေးနိုင် ဇာတ်အဖွဲ့ တိမ်းမှောက်မှုနဲ့ ပတ်သက်ပြီး သေဆုံးသူ ၁၂ ယောက်ရှိကြောင်း နဲ့ လိုအပ်တဲ့ အကူအညီတွေ ဆောင်ရွက်ပေးသွားမယ်လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံး ဗဟိုကလည်း သတင်းထုတ်ပြန်ထားပါတယ်။
၂၀၂၂ ခုနှစ် အောက်တိုဘာ ၅ ရက်ကလည်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးပေါ်မှာ ‘ပွင့်နေခြည်’ ဇာတ်အဖွဲ့ကား တိမ်းမှောက်ခဲ့ပြီး ၁၁ ယောက် သေဆုံးကာ အယောက် ၂၀ ကျော်.ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

image