မြိတ်မှာ အုပ်ချုပ်ရေးမှူးရုံးဘေး အဆောက်အဦ မီးလောင်လို့ ယာယီချုပ်ထားတဲ့ အချုပ်သားသေဆုံး
တနင်္သာရီတိုင်း ၊ မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာ၊ အဏ္ဏဝါရပ်ကွက်ရှိ အုပ်ချုပ်ရေးရုံးဘေးမှာရှိတဲ့ သမဝါယမ နှစ်ထပ်အဆောင် မီးလောင်မှု ဖြစ်ပွားပြီး ယာယီချုပ်ထားတဲ့ အချုပ်သား တယောက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။
"သမအဆောင် အောက်ထပ်မှာက ဆိုင်နှစ်ဆိုင်ရှိပါတယ် ။အပေါ်ထပ်မှာက ဘာမှမရှိလို့ အချုပ်သားထားတာ ။ အချုပ်သားက ပိန္နဲတောင် ရွာသားလို့ ပြောသံကြားတယ် ။ဘာအမှုလဲတော့သေချာမသိဘူး ။အဲဒီနေရာက အနီးနားက အချုပ်သားတွေကို ယာယီထားတဲ့နေရာပါ။ " လို့ ဖြစ်စဥ်သိတဲ့ ဒေသခံကပြောပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၂၈ ရက်နေ့ ၊ မွန်းလွဲပိုင်း ၂ နာရီ ၈ မိနစ်လောက်မှာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ၊ မီးလောင်မှုကြောင့် အပေါ်ထပ်မှာ အချုပ်ချထားတဲ့ အမျိုးသား တယောက် မီးလောင်သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ် ။
" ကျွန်တော်တို့ ရောက်တော့ မီးကလောင်နေပြီ ။မီးလောင်မှုမှာ အမျိုးသားတယောက်သေတယ် ။ အုပ်ချုပ်ရေးမှူးရုံးဘေးက အဆောက်အဦ လောင်တာပါ ။ သမဝါယဆောင်ပါ ။ ဘာပစ္စည်းတွေ ထားလဲတော့ မသိပါဘူး ။ " လို့ ဒေသခံ ပရဟိတ အဖွဲ့ဝင်တယောက်က ပြောပါတယ်။
အဆိုပါ မီးလောင်မှုဖြစ်စဥ်ကို နယ်မြေခံပရဟတိအဖွဲ့တွေနဲ့ သက်ဆိုင်ရာ နယ်မြေခံ မီးသတ်ဌာနတို့ ပူးပေါင်း ငြိမ်းသတ်ခဲ့တာ ဖြစ်ကြောင်း ၊ မီးလောင်ချိန်က ၁၀ မိနစ်လောက်သာ ကြာမြင့်တယ်လို့ သိရပါတယ်။