ရွှေပြည်သာ အထက ၁ ကျောင်းမှာ ကျောင်းသားချင်းရန်ဖြစ်ရာက Grade7 ကျောင်းသား သေဆုံး

ရန်ကုန် ၊ ရွှေပြည်သာမြို့နယ် အ.ထ.က ၁ ကျောင်းမှာ ကျောင်းသားအချင်းချင်း ရန်ဖြစ်စကားများပြီး ထိုးကြိတ်ရာကနေ Grade 7 ကျောင်းသားသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံဆီက စုံစမ်းသိရှိရ ပါတယ်။
မနေ့က ဇန်နဝါရီ ၂၇ ရက်နေ့ ၊ နေ့လယ် မုန့်စားကျောင်းဆင်းချိန်မှာ Grade 8 ကျောင်းသားနဲ့ Grade 7 ကျောင်းသားတို့ ကျောင်းဝန်းအတွင်း ရန်ဖြစ်ရင်းကနေ G7 ကျောင်းသားမှာ လက်သီးနဲ့ ထိုးခံရပြီးနောက် နေရာမှာပဲ လဲကျသေဆုံးသွားတာ ဖြစ်တယ်လို့ စုံစမ်းသိရှိ ရပါတယ်။
" မနေ့က နေ့လယ်က သတင်းကြားတယ် ။ နည်းနည်းလေး ထပ်အစ်လိုက်တော့မှ ထိုးကြတာလို့ ပြောတယ်။ ပထမ တယောက် အရွယ်မမျှလို့ဆိုပြီး လူချိန်းပြီး ထိုးခိုင်းတာ။ အဲဒီမှာ လည်ပင်းကိုထိုးမိသွားတယ် ။အထိုးခံရပြီး ကောင်လေးက အကြောတွေကပ် ၊ ဆီးတွေထွက်ပြီးဆုံးသွားတယ်။ ကလေးက နှလုံရောဂါ အခံလည်း ရှိတယ်သိရတယ်။ " လို့ ဖြစ်စဥ်သိတဲ့ ကျောင်းပတ်ဝန်းကျင်မှာ နေထိုင်သူ ဒေသခံကပြောပါတယ်။
ကျောင်းသားအချင်းချင်း ရန်ဖြစ်ရာကနေ သေဆုံးတဲ့ကလေးမှာ Grade 7 ကျောင်းသားဖြစ်သား မောင်မိုးသူရိန် ဆိုသူဖြစ်ကြောင်း သိရှိရပါတယ်။
" ကိုယ်တွေ မျက်စိရှေ့ တင်ကြီးလာတဲ့ ကလေးလေး။ စိတ်ထဲ မကောင်းဘူးဗျာ ။ သူအမေဆို ငိုနေတုန်းပဲ ။ " လို့ သေဆုံးတဲ့ ကလေးငယ်နဲ့ တရပ်ကွက်တည်း နေထိုင်သူတယောက်က လူမှုကွန်ယက်မှာ ရေးသားထားတာ တွေ့ရပါတယ်။
လက်ရှိအထိတော့ အဆိုပါ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးတဲ့အတွက် ဖြစ်စဥ်အခြေအနေကို သိရှိနိုင်ဖို့ ရွှေပြည်သာမြို့နယ် ရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး ။ ပြည်​ထောင်စုအဆင့် သတင်းမှန်ပြန်ကြား​ရေးအဖွဲ့ကို သတင်းမီဒီယာက​မေးထား​ပေမယ့် ပြန်​ဖြေမ​ပေး​သေးပါဘူး။
၂၀၂၅ ခုနှစ် ၊ အောက်တိုဘာ ၂၃ ရက်ကလည်း
မန္တလေးတိုင်း၊ အမရပူရမြိုနယ်၊မြစ်ငယ်မြို့ အ.ထ.က ကျောင်းမှာ ဓားထိုးမှုဖြစ်ပွားပြီး ကျောင်းသားနှစ်ယောက်နဲ့ ကျောင်းသူတယောက်တို့ ထိခိုက်ဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အလားတူ စက်တင်ဘာလတုန်းကလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွာမပြင်ကျေးရွာမှာ ကျောင်းသားအချင်းချင်း ရန်ဖြစ်ကြရာကနေ ဓားထိုးမှုဖြစ်ပွားပြီး ၇ တန်းကျောင်းသားတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာ တုန်းကလည်း ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှာ ကျောင်းသားအချင်းချင်း ချိန်းဆို ရန်ဖြစ်ရာမှ နှစ်ယောက် ဓားထိုးခံရတယ်လို့ သိရတယ်။
အလားတူ ဇန်နဝါရီလမှာလည်း မန္တလေးတိုင်း ၊ မိတ္ထီလာမြို့ ၊ ပြည်သာယာ (မြောက်) ရပ်ကွက် မှာရှိတဲ့ အခြေခံပညာ အလယ်တန်းကျောင်းမှာ ကျောင်းသား အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ဓားထိုးမှုဖြစ်ကာ ကျောင်းသား တယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ယခုနောက်ပိုင်း အခြေခံပညာစာသင်ကျောင်းတွေမှာ ကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ရိုက်နှက်ခြင်း ၊ ဓားထိုးမှု ဖြစ်ပွားတာတွေ များလာနေတယ်လို့သိရပါတယ်။
ဒါကြောင့် ကျောင်းသားအချင်းချင်း ပြဿနာဖြစ်ပွားတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ ညွှန်ကြား ချက်တခု ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်​ပြန်ချက်ကတော့ " ကျောင်းချိန် သို့မဟုတ် ကျောင်းချိန်ပြင်ပမှာ အချင်းချင်း ကိုယ်ထိလက်ရောက်သော်လည်းကောင်း၊ လူကိုထိခိုက်စေနိုင်တဲ့ ပစ္စည်းကိရိယာဖြင့် သော်လည်းကောင်း ခိုက်ရန်ဖြစ်ပွားနေကြတဲ့ ဖြစ်စဉ်များ များပြားလာတဲ့အတွက် ကျောင်းတွင်းပညာပေး ဆွေးနွေးပွဲများဆောင်ရွက်သွားရန်နှင့် ကျောင်းချိန် သို့မဟုတ် ကျောင်းချိန် ပြင်ပခိုက်ရန် ဖြစ်ပွားမှုများ ဖြစ်ပေါ်လာပါက ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဖြင့် စစ်ဆေးပြီး ခိုက်ရန်ဖြစ်ပွားခြင်း ပြစ်မှုမှာ ပါဝင်သူအားလုံးကို “ကျောင်းပြောင်းလက်မှတ်ထုတ်ပေးသည့် ပြစ်ဒဏ်ချမှတ်သွားမည် ဖြစ်ကြောင်း” အခြေခံပညာကျောင်းအုပ်ကြီးများက ကျောင်းသား ကျောင်းသူများနှင့် မိဘများသို့ အသိပေးဆောင်ရွက်သွားရန် " ပြောဆိုထားပါတယ်။

image